မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၂-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပုဂံမြို့ရှိ ဓမ္မရာဇာဘုရားတွင်လည်းကောင်း၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လောကနန္ဒာဘုရားတွင်လည်းကောင်း ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်နှင့်တာဝန်များ၊ တာမြစ်ချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းအားလည်းကောင်း၊ မိမိတို့သည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အတွက် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ မိမိအကျိုးစီးပွားအတွက်သာကြည့်ပြီး စားသုံးသူများထိခိုက်နစ်နာစေသည့် အပြုအမူ၊ လုပ်ဆောင်မှုများကို ရှောင်ကျဉ်ရမည်ဖြစ်ပါကြောင်း၊ စားသုံးသူအပေါ် စိတ်စေတနာအပြည့်အဝထားရန်နှင့် မိမိတို့၏စိတ်စေတနာအလျောက် ပြန်လည်အကျိုးသက်ရောက်လာမည်ာဖြစ်ပါကြောင်း၊ မိမိတို့၏ ပုဂံ၊ ညောင်ဦးဒေသသည် ကမ္ဘာ့အမွေအနစ်ဝင် ရှေးဟောင်းအထင်ကရနေရာဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ အချိန်နှင့်အမျှ အမြဲမပြတ်လာရောက်လျက်ရှိပြီး ခရီးသွားများအနေဖြင့်လည်း လာရောက်လည်ပတ်ကြပြီး မိမိအိမ်၊ မိမိဒေသသို့ပြန်သည့်အခါ ပုဂံ၊ ညောင်ဦးဒေသ၏ ဒေသထွက်အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို အမှတ်တရအနေဖြင့်သော်လည်းကောင်း၊ မြတ်နိုးကြိုက်နှစ်သက်၍သော်လည်းကောင်း ဝယ်ယူကြ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အရပ်ဒေသဂုဏ်၊ မိမိထုတ်လုပ်သည့်ကုန်စည်၏အရည်အသွေးနှင့် နာမည်ဂုဏ်သတင်းကောင်းမွန်ခိုင်မာရန်လိုပါကြောင်း၊ သို့မှသာပြည်တွင်းတွင်သာမက နိုင်ငံတကာသို့လည်း ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းဝယ်ရာတွင် သက်ဆိုင်ရာဌာနများ၏ ဥပဒေပါပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထောက်ခံချက်များ သိရှိနားလည်ထားရမည်ာဖြစ်ပြီး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အသိပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ ပုဂံဒေသထွက် ယွန်းထည်နှင့်ပုန်းရည်ကြီးများ နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာခရီးသွား ကျယ်ပြန့်စွာသိရှိဝယ်ယူအသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဟောပြောဆွေးနွေးမှုတွင် ဓမ္မရာဇာဘုရား၌ ဘုရားအတွင်းအပြင်ရှိ ဈေးဆိုင်များမှ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊း စုစုပေါင်း (၄၅)ဦး၊ လောကနန္ဒာဘုရား၌ ဘုရားအတွင်းအပြင်ရှိ ဈေးဆိုင်များမှ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊ စုစုပေါင်း(၄၀)ဦး စသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြကြောင်းနှင့် ဟောပြောဆွေးနွေးမှုများအပြီးတွင် ပူးပေါင်းအဖွဲ့သည် ဘုရားများ၏ အတွင်းအပြင်ရှိ ပုဂံဒေသထွက်လက်ဆောင်ပစ္စည်းရောင်းချသောဆိုင်များသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)