မိုးရာသီတွင် ပန်းဝင်ရောက်မှုနည်းလာ၍ ပန်းဈေးများအနည်းငယ်မြင့်တက်လာသော်လည်း တောင်ကြီး ဂန္ဓာမာပန်းများမှာ ဈေးကွက်အတွင်း ဝယ်သူကြိုက်၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
မိုးရာသီတွင် မေမြို့ပန်းများဝင်ရောက်မှုမရှိကြောင်း၊တောင်ကြီးဂန္ဓာမာပန်းများသာ ဝင်ရောက်ကြောင်း၊ ယခင်က ဂန္ဓာပန်း ၁၀ ပွင့်လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိသာ ရှိသော်လည်း ယခုအခါ ဂန္ဓာမာပန်း ၁၀ ပွင့်ဈေးမှာ ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်ထိရှိကြောင်းနှင့် ဂန္ဓာပန်းတွင် ဒေသစိုက်ပျိုးသည့် ဂန္ဓာမာပန်းနှင့် တောင်ကြီး၊ မေမြို့ စသည်တို့မှ ဝင်ရောက်သော ဂန္ဓာပန်း များရှိကြောင်း ၊ အရည်အသွေးနှင့်တာရှည်ခံမှုအပေါ် မူတည်၍ ဈေးနှုန်းအနေဖြင့် ဒေသဂန္ဓာမာ ပန်းများ မှာ ၁၀ပွင့်ကို ၂၀၀၀ မှ ၂၅၀၀ကျပ်ဖြစ်ပြီး တာရှည်ခံသောတောင်ကြီး/မေမြို့ဂန္ဓာမာပန်းများမှာ ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိကြောင်း သိရသည်။
ဘားအံမြို့တွင် ပန်းများဝင်ရောက်မှုနှင့်ပတ်သက်၍ ရေပေါ်ဈေးတွင် ဘုရားပန်းရောင်းချနေ သော မသူဇာက “ခုချိန်က မေမြို့ဂန္ဓာမာ မဝင်တော့ဘူး၊ တောင်ကြီးဂန္ဓာမာပဲ ဝင်တော့တယ်၊ တောင်ကြီး ဂန္ဓာမာပန်းကလည်း ၁၀ ရက်လောက်အထားခံတော့ ဘုရားပန်းအတွက် ဝယ်သူ ကြိုက်ကြပြီး အရောင်းပိုသွက်တယ်၊ သမီးတို့က ၁၀ ပွင့်မှာ ၅၀၀ လောက်အမြတ်ရတယ်၊ Express ကားတွေနဲ့ နေ့စဉ်ဝင်ပါတယ်၊ ကိုယ်တိုင်လည်း ရောင်းသလို ဖောက်သည်လည်း ပေးပါတယ်” ဟု ပြောကြားပါသည်။
ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ဘုရားပန်းများ၏ ၁၀ပွင့် ဈေးနှုန်းများမှာ ဒေလီယာ ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ တောင်ကြီးဂန္ဓာမာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ နှင်းဆီ ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ပန်းထိမ်ငို ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ပွင့်ရိုက် ရောင်စုံ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ ဇော်စိမ်း ၁ စည်း ၁၀၀၀ ကျပ်၊ အာဆီယံသပြေ ၁၀၀၀ ကျပ်၊ သပြေ ၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)