Main menu

စီးပွားဖြစ်တွက်ချေကိုက်သော ဖားမွေးမြူရေး

Powered by Drupal

    ရွှေမြန်မာတို့၏ မိုးဦးကာလနှင့် မိုးတွင်းကာလတို့တွင် ဒေသအစားအစာအဖြစ်သော်လည်းကောင်း ရာသီစာဟင်းလျာအဖြစ် စားသုံးကြသောဟင်းလျှများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဖားသားဟင်းတစ်ခွက်မှာ ဟင်းလျာကြိုက်သူများအတွက် အကောင်းဆုံးဖြစ်မည်ထင်ပါသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ သခွပ်စောက်ကျေးရွာရှိ ကိုအာကာမင်းပိုင်ဆိုင်သော ဖားမွေးမြူရေးကန်သို့သွားရောက်၍လေ့လာခဲ့ပါသည်။ မွေးမြူရေးဖားများအား ရန်ကုန်တိုင်းဒေသကြီး၊  ခရမ်းမြို့နယ်မှ ဝယ်ယူရရှိပါသည်။ ဖားများမွေးမြူရန်အတွက် တာပေါ်လင်များဖြင့် ရေကန်ပြုလုပ်ရပါသည်။ ဖားကန်တစ်ကန်လျှင် ဖားကောင်ရေ (၁၀၀၀)ခန့်မွေးမြူနိုင်ပါသည်။ ဖားကောင်ရေ (၁၀၀၀)ဆံ့သည့် ကန်ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ် (တာပေါ်လင်၊ ဝါး၊ သွပ်ကြိုး) (၃၅၀၀၀) ကျပ်ကုန်ကျပါသည်။ ဖားအကောင်ပေါက်တစ်ကောင်လျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်နှုန်းဖြင့် အကောင်ရေတစ်ထောင်အတွက် သယ်ယူစရိတ်အပါအဝင် (၂၅၆၀၀၀) ကျပ်ကုန်ကျပါသည်။ စတင်မွေးမြူရသောအချိန်မှ ရောင်းတန်းဝင်သည်အထိ ရက်(၉၀)မွေးမြူရပြီး တစ်နှစ်လျှင် (၂) ကြိမ်မွေးမြူနိုင်ပါသည်။ ကန်တစ်ကန်လျှင် ပျက်စီးမူအားဖြင့် အကောင်ရေ (၃၀)နီးပါးပျက်စီးနိုင်ပါသည်။ အကောင် (၁၀၀၀)ပါ ကန်တစ်ကန်လျှင် ရက်(၉၀)အတွင်း အစာအိပ်(၄)အိတ်ကျွေးရပါသည်။ အစာတစ်အိတ်လျှင် (၇၅၀၀၀) ကျပ်နှုန်းဖြင့် ၄အိတ်အတွက် (၃၀၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ အစာကျွေးရာတွင် တစ်နေ့လျှင် (၂)ကြိမ်ကျွေးရပြီး တစ်ကြိမ်လျှင် အစာတစ်ပိသာခန့်ကျွေးရပါသည်။ ဖားများငယ်စဉ်အခါတွင် အယ်လာအမှတ်တံဆိပ်အစာကျွေးရပြီး ရက်(၆၀)နောက်ပိုင်းတွင် DF အမှတ်တံဆိပ်အစာကျွေးရပါသည်။ တစ်ကောင်လျှင် (၁၂) ကျပ်သားမှ (၁၅)ကျပ်သားအလေးချိန်ရောက်ရှိပါက ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီး (၁၇) ကျပ်သားကျော်ပါက ဝယ်ယူမှုမရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ရန်ကုန်ဈေးကွက်များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ ကန်တစ်ကန်လျှင် (၅)သိန်၊း (၅)သောင်းကျပ်ခန့်အကျိုးအမြတ်ရရှိသော စီးပွားဖြစ်တွက်ခြေကိုက်သော ဖားမွေးမြူအကြောင်းရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)