နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ဒေသတဝိုက်တွင် ရှောက်ချိုသီးများထွက်ရှိကာ ရောင်းချလျက်ရှိပါသည်။ ယခုစက်တင်ဘာနှင့် နိုဝင်ဘာလတို့တွင် လှိုင်လှိုင်ထွက်ရှိပါသည်။ ရှောက်ချိုပင်ကို ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲတစ်နိုင်တစ်ပိုင်သာစိုက်ပျိုးကြပါသည်။
ရှောက်ချိုပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီးများနှင့် မျိုးချင်းတူပါသည်။ ရှောက်ချိုသီးတွင် ဗီတာမင် (အေ၊ ဘီ၊ စီ ) နှင့် ကယ်လ်စီယမ်ဓာတ်များစွာပါဝင်ပြီး ကိုယ်ခံအားကောင်းစေခြင်း၊ အနာကျက်မြန်စေခြင်း၊ ရေဓာတ်ဖြည့်၍ အသားအရေကျန်းမာခြင်း၊ အစာခြေစနစ်ကျန်းမာခြင်း၊ အစာခြေရည်ထွက်လာအောင် လှုံ့ဆော်ပေးခြင်း၊ အမြင်အာရုံကျန်းမာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိပါသည်။ အသီး၏အရသာမှာ နွေရာသီတွင်ချိုပြီး ယခုအချိန်တွင် ချိုချဉ်အရသာရှိပါသည်။ ရှောက်ချိုသီးကို သဘာဝအတိုင်းစားသုံးကြသည့်အပြင် ဆား၊ မဆာလာ၊ ငရုတ်မှုန့် စသည်တို့ရောစပ်ထားသည့် အမှုန့်များနှင့်လည်း လူးနယ်၍စားသုံးကြပါသည်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ရှောက်ချိုပင်တစ်ပင်မှ တစ်နှစ်လျှင် အလုံးရေ (၄၀၀-၅၀၀)ခန့်ထွက်ရှိပါသည်။ ရှောက်ချိုသီးကို အိမ်တိုင်ရာရောက်ဝယ်ယူမှုများရှိပြီး တစ်လုံးလျှင် (၇၀-၁၀၀)ကျပ်ဈေးရရှိကြောင်း၊ ဒေသတွင်းနှင့် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။
ထို့ကြောင့် ဈေးနှုန်းချိုသာပြီး ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရရှိသော ရှောက်ချိုသီးများကိုစားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)