ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖြူးမြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို ဖြူးမြို့ မြို့မရဲစခန်း အနောက်ဘက်ရှိ အမှတ်(၄)လမ်းတွင် တိုက်ရိုက်အရောင်းဆိုင်များဖွင့်၍ ရောင်းချပေးလျက်ရှိပါ သည်။
ယနေ့တွင် ဖြူးမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းက ဆန်တစ်ပြည်လျှင် ၂၆၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း၊ ဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးပါသည်။ မွေးမြူရေး လုပ်ငန်းရှင်များကလည်း ကြက်သား ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ ဝက်သား ၁၀ ကျပ်သားလျှင် ၁၃၀၀ ကျပ်၊ အမဲသား ၁၀ ကျပ်သားလျှင် ၁၂၀၀ ကျပ်၊ ဆိတ်သား ၁၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ငါး ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် ၂၅၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်။
တပိုင်တနိုင်စိုက်ပျိုးသူများက ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို လာရောက်ရောင်းချလျက်ရှိကြောင်း၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်ရောင်းချရာသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက ကြီးကြပ်ကူညီဆောင်ရွက်ပေးကြောင်းနှင့် နေ့စဉ် ရောင်းချနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)