Main menu

ပြည်ဒေသထွက် မိုးပဲတီစိမ်းသီးနှံနှစ်အလိုက် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

   ပြည်ပဲဈေးကွက်အတွင်း ယခုနှစ်ပဲသီးနှံအားလုံးမှာ ဈေးမြင့်တက်လာခဲ့သောကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ စသည့် ပြည်ပဝယ်လိုအားများသော ပဲအားလုံး ဈေးကောင်းရလျက်ရှိခဲ့ကြပါသည်။ အဆိုပါပဲများမှာ ဈေးကောင်းရနေသော်လည်း ပဲတီစိမ်းသီးနှံမှာမူ ယခုနှစ်တွင် ဈေးအေးနေခဲ့ကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များမှာ ဇူလိုင်လမှစ၍ နေ့စဉ် ကုန်းလမ်း၊ ရေလမ်းတို့မှ ဝင်ရောက်လာခဲ့ကြပါသည်။ တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀)ကျော်ဝင်ရောက်ခဲ့ပြီး ဝယ်လိုအားအနေဖြင့် မန္တလေးဝယ်လက်က အဓိကထားဝယ်ယူနေသောကြောင့် ဝင်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲတီစိမ်းသီးနှံသည် ရှေးကနှစ်များ၌ နှစ်စဉ်လိုလို အခြားပဲများနှင့်ယှဉ်လျှင် ဈေးကောင်းရသည့်သီးနှံဖြစ်ခဲ့သော်လည်း ယခုနှစ်၊ ပဲတီစိမ်းသီးနှံဈေးနှုန်းအနေဖြင့်  မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများ၏ဈေးအောက်လျော့ကျခဲ့ပြီး တစ်တင်းလျှင် ကျပ် (၂၀၀၀၀)ကျော်မှ (၃)သောင်းကျော်၊ (၄)သောင်းကျပ်အထိဈေးလျော့နည်းနေခဲ့ပါသည်။ ပဲတီစိမ်းသီးနှံ၏ ကာလတူအချိန် နှစ်အလိုက်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများကို အောက်ပါအတိုင်းလေ့လာသိရှိရပါသည်-

 

စဉ်      ခုနှစ်             ဈေးနှုန်း(အနိမ့်)                  ဈေးနှုန်း(အမြင့်)

၁။      ၂၀၂၀            ၃၃၀၀၀ကျပ်                      ၃၇၀၀၀ကျပ်

၂။       ၂၀၂၁            ၃၃၀၀၀ကျပ်                      ၃၆၀၀၀ကျပ်

၃။      ၂၀၂၂            ၄၅၀၀၀ကျပ်                      ၄၆၀၀၀ကျပ်

၄။      ၂၀၂၃            ၅၄၀၀၀ကျပ်                      ၅၇၀၀၀ကျပ်

      အဆိုပါ ဇယားအရ ပဲတီစိမ်းသီးနှံကို နှစ်အလိုက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်သည့်အခါ ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်ဈေးနှုန်းမှာ ကွာခြားမှုသိပ်မရှိဘဲ ၂၀၂၂ခုနှစ်မှစ၍ တစ်နှစ်ထက်တစ်နှစ် ဈေးပိုရလာသည်ကိုတွေ့ရသော်လည်း တခြားပဲသီးနှံများမှာ ယခုနှစ်တွင် ယခင်နှစ်များထက် ဈေးနှုန်းများသိသိသာသာပိုမြင့်တက်လာပြီး ဈေးကောင်းရနေသည့်အတွက် ပဲလက်ဝယ်ကျန်ရှိသူတောင်သူများနှင့် လှောင်ပဲသမားတချို့ အကျိုးအမြတ်ရရှိခဲ့ကြသော်လည်း ယခုနှစ်၌ မိုးပဲသစ်ဈေးများ ဈေးအေးနေခဲ့သည့်အတွက် ပဲအထွက်နှုန်းပေါ်မူတည်ကာ အကျိုးအမြတ်မှာ ယခင်နှစ်များအောက်လျော့နည်းခဲ့ပါသည်။ ပြည်ခရိုင်အတွင်း ဆောင်းသီးနှံထက် မိုးသီးနှံကိုသာ အဓိကထားစိုက်ပျိုးပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များတွင် စုစုပေါင်းစိုက်ဧက (၄၉၁၄)ဧကခန့်စိုက်ပျိုးခဲ့ကြပါသည်။ ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၇)တင်းခန့်ထွက်ရှိသည်ဟုသိရပါသည်။ ထို့ကြောင့် အထွက်နှုန်းအနည်းအများပေါ်မူတည်၍ အကျိုးအမြတ်ရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ယခင်နှစ်များကဲ့သို့ အကျိုးအမြတ်မများခဲ့ကြောင်းသိရပါသည်။

     ပဲတီစိမ်းသီးနှံသည် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ စသည့်သီးနှံများကဲ့သို့ တစ်နှစ်တာလုံး ဈေးကွက်အတွင်းရောင်းချနေရသည့် ပဲသီးနှံမျိုးမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်၊ အထွက်လှိုင်ချိန်များတွင်သာ အရောင်းအဝယ်သွက်နေခဲ့သောသီးနှံဖြစ်ပါသည်။ ပဲတီစိမ်းသီးနှံအား တစ်နှစ်တာလုံး သိုလှောင်ထားရှိမှုသိပ်မရှိဘဲ မျိုးလောက်သာချန်၍ ရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်အတွင်း ဝင်ရောက်လာသောပဲတီစိမ်းသီးနှံများမှာ ပြည်ဒေသအနီးတဝိုက် ပြည်ခရိုင်မှထွက်ရှိသောပဲများအပြင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်း၊ ကံမမြို့နယ်များမှ ပဲများလည်းဝင်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)