ကညွတ်ပင်သည် သမပိုင်းဒေသတွင်ပေါက်ရောက်တဲ့အတွက် မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးသူများပြားလာပြီး ဝင်ငွေကောင်းသော သီးနှံတစ်ခုဖြစ်လာခဲ့ပါသည်။ အရသာရှိပြီး ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်နဲ့ သက်စောင့်ဓာတ်များစွာပါဝင်သော ကညွတ်သည် ကျန်းမာရေးအတွက် မဖြစ်မနေစားသုံးသင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ကညွတ်သည် နှစ်ရှည်သီးနှံဖြစ်သောကြောင့် နှစ်ပေါင်း(၂၀)ကျော်အောင် ခူးယူနိုင်ပါသည်။
ကညွတ်ပင်သည် မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးအစားကိုနှစ်သက်ပါသည်။ အက်ဆစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးအစားကိုမနှစ်သက်ပါ။ နှစ်ရှည်ပင်ဖြစ်သောကြောင့် စတင်စိုက်ပျိုးကတည်းက မြေကိုအကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါသည်။ ကညွတ်စိုက်ပျိုးရန် မြေကြီးအနက် (၆-၈) လက်မထိ မြေကိုပွနေစေရန် ထွန်ယက်ပေးရပါသည်။ မြေဆွေးကို စိုက်ပျိုးမည့်မြေကြီးအထက် (၂-၃) လက်မထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးရပါသည်။ မြေကြီးကို (၁၂)လက်မအကျယ်၊ (၈-၁၂)အမြင့် ပေါင်ပြုလုပ်ပေးရပြီး တစ်တန်းနှင့်တစ်တန်းလျှင် အနည်းဆုံး (၂)ပေထားပေးရပါမည်။
စိုက်ပျိုးနည်းအနေဖြင့် အစေ့မှစိုက်ပျိုးခြင်းသည် အပင်ပေါက်ရောက်မှုနည်းသည့်အတွက် ဥမှစိုက်ပျိုးသူများပါသည်။ အစေ့မှစိုကိပျိုးပါက မျိုးစေ့ကို ရေ(၃-၄)ရက်ခန့်အကြာအောင် စိမ်ထားသင့်ပါသည်။ ရေကိုတစ်နေ့လျှင် တစ်ခါလဲပေးရပြီး ပျိုးပေါင်ပေါ်တွင် တစ်စေ့နှင့်တစ်စေ့ (၁)လက်မ၊ (၁)လက်မခွဲခန့် တန်းကြား၌ (၁)ပေခန့်အကွာထားပြီး ပျိုးထောင်ပေးရပါသည်။ (၂)ပတ်နှင့် (၆)ပတ်အကြာတွင် အပင်ပေါက်လာပြီး တစ်လသားခန့်အကြာတွင် ပျိုးအိတ်ထဲသို့ ပြောင်းထည့်ပေးရပါသည်။ ပျိုးပင်(၄)လသားအရွယ်တွင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။
ကညွတ်စိုက်ပျိုးမည်ဆိုပါက မိုးဦးပိုင်းတွင်စတင်စိုက်ပျိုးနိုင်ပါသည်။ (၁)ပေမှ တစ်ပေခွဲအထိထားပြီး တန်းကြား(၃-၄)ပေခန့်ထားပေးသင့်ပါသည်။ ကျင်းကို (၈)လက်မအနက်ထိတူး၍ စိုက်ပျိုးနိုင်ပါသည်။ ကညွတ်စိုက်ပျိုးပြီး (၁)နှစ်ကြာသည်အထိ အပင်၏အမြစ်များ အားကောင်းသန်မာစေရန်အတွက် အစို့များကိုခူးဆွတ်ရိတ်သိမ်းခြင်းမပြုလုပ်ရပါ။ ပေါင်းများကို အခါအားလျော်စွာရှင်းပေးရပါမည်။ မြေဩဇာကောင်းမွန်စေရန်အတွက် မြေဆွေး၊ သစ်ရွက်ဆွေးများထည့်သွင်းပေးရပါမည်။
ရိတ်သိမ်းခြင်းအတွက် (၂)နှစ်သားမှစ၍ ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းမည့်အစို့များမှာ (၆-၈)လက်မအထိရှိရပါမည်။ အစို့များကိုလက်ဖြင့် အလွယ်တကူချိုးယူနိုင်ပါသည်။ ဓားဖြင့်လှီးဖြတ်ပါက ဘေးနားရှိ အစို့ငယ်လေးများနှင့် ပင်မအမြစ်ဆုံဥများကိုမထိခိုက်စေရန် သတိထား၍လှီးဖြတ်ရပါမည်။
ထွက်ရှိလာသောကညွတ်များကို ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ပါသည်။ ပြည်ခရိုင်၊ ပြည်မြို့များတွင် အိမ်ခြံဝန်းများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ မြန်မာမျိုးများဖြစ်သောကြောင့် ကညွတ်ပင်များမှာ အနည်းငယ်အပင်သေးသည်။ ဈေးကွက်တွင် ရောင်းချနေသောကညွတ်များမှာ ရန်ကုန်မှ အဝင်များဖြစ်ကြသည်။ ပြည်ဈေးကွက်တွင်မူ ကညွတ်ချောင်း (၂၅)ချောင်းပါ တစ်စည်းလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချနေကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)