ယခုကာလသည် မိုးရာသီဖြစ်သည်နှင့်အညီ အသီးအနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံပေါများသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်မြို့၏ဈေးများအတွင်း ပြောင်းဖူးစိမ်းများ ရောင်းချမှုများရှိနေသကဲ့သို့ ပြောင်ဖူးပြုတ်များလည်းရောင်းချနေကြသည်ကိုတွေ့ရပါသည်။ ဈေးများအပြင် စက်ဘီး၊ ဆိုင်ကယ်များဖြင့် ပြောင်းဖူးစိမ်း၊ ပြောင်းဖူးပြုတ်များလှည့်လည်ရောင်းချကြပြီး လမ်းဘေးတချို့နေရာများတွင်လည်း ပြောင်းဖူးဖုတ်ရောင်းချသည့်ဆိုင်များရှိကြပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာနှင့် အနီးအနားရွာများနှင့် ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ သဲကုန်းမြို့နယ်တို့မှ ပြောင်းဖူးစိမ်းများဝင်ရောက်ခဲ့ကြောင်းသိရပါသည်။ ပြည်မြို့မှတစ်ဆင့် ရန်ကုန်သို့လည်း တင်ပို့ရောင်းချမှုများရှိပါသည်။ ပြောင်းဖူးဈေးအနေဖြင့် အဖူးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြကာ တစ်ဖူးလျှင် (၂၀၀ /၂၅၀) ကျပ်မှ ၄၀၀ကျပ်အထိ ရှိကြောင်း၊ သကြားပြောင်းအမျိုးအစားများမှာလည်း တစ်ဖူးလျှင် ( ၄၀၀/၅၀၀) ကျပ်အထိ ရှိကြောင်းသိရပါသည်။ ၁၀ဖူးပါ တစ်စည်းလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိလည်းကောင်း ရောင်းချကြပါသည်။ ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းပင်တစ်ခင်းကုန်လျှင် နောက်တစ်ခင်း ထပ်မံထွက်ရှိအောင် ဆုတ်တက်စနစ်ဖြင့် စိုက်ပျိုးလာကြသည့်အတွက် ယခုအခါ ပြောင်းဖူးသီးနှံအား တစ်နှစ်တာလုံး ဝယ်ယူစားသုံးနေနိုင်ပြီဖြစ်ပါသည်။ သို့သော်လည်း မိုးရာသီကာလတွင် ပြောင်းဖူးများကို ပေါများစွာစားသုံးနိုင်ပြီး ကျန်ကာလတွင်မူ သီးနှံမပြတ်သော်လည်း ယခုကာလကဲ့သို့ ပေါများမှုမရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)