ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများတွင် ပြောင်းဖူးကို ရာသီမရွေး ရေလောင်း၍ စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ အဖြူမျိုးနှင့် အဝါမျိုးဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်အုပ်စု၊ တာကောက်ကျေးရွာ၌ ပြောင်းဖူး (၀.၂၅)ဧကစိုက်ပျိုးထားသော တောင်သူ ဦးမြင့်ဦးနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅-၉-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ပြောင်းဖူးစိုက်ပျိုးထားသော စိုက်ခင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ စိုက်ပျိုးသောပြောင်းဖူးမှာ အဝါမျိုးဖြစ်ပြီး (၀.၂၅)ဧကအတွက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၈၄၀၀၀)ကျပ်ကုန်ကျကြောင်းသိရပါသည်။ ပြောင်းဖူးကို စိုက်ပျိုးပြီး (၂)လနှင့် (၅)ရက်ကြာလျှင် ပြောင်းဖူးများစတင်ထွက်ပေါ်လာပြီး (၀.၂၅)ဧကတွင် ပြောင်းဖူးအဖူးရေ (၄၀၀၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။ အခင်းမှ ထွက်ရှိသောပြောင်းဖူးများကို လက်ကားဈေးတစ်ဖူးလျှင် (၂၀၀)ကျပ်ဖြင့် စိုက်ခင်းထဲထိဆင်း၍ ဝယ်ယူကြပါသည်။ ယခင်နှစ်တွင် ပြောင်းဖူးအဖူးရေ (၃၅၀၀)ခန့်ထွက်ရှိပြီး၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်လာသည်ဟုသိရပြီး ယခင်နှစ်တွင် တစ်ဖူးလျှင် (၁၅၀)ကျပ်နှုန်းဖြင့်ရောင်းချခဲ့ကြောင်းသိရပါသည်။
ပြောင်းဖူးစိုက်ပျိုးသော တောင်သူများအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်တွင် အထွက်နှုန်းကောင်းခြင်း၊ ဈေးနှုန်းလည်းမြင့်တက်လာသဖြင့် အကျိုးအမြတ်အနေဖြင့် (၀.၂၅)ဧကအတွက် (၅၁၆၀၀၀) ကျပ်ခန့် အကျိုးအမြတ်ရရှိသဖြင့် နောက်နှစ်များတွင်လည်း ဖူးစားပြောင်းဖူးများကို တိုးချဲ့၍စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရပါသည်။
DOCA(ပဲခူး)