၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) မိုးတွင်းကာလ၌ မျှစ်များဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ မြစ်သားမြို့နယ်တွင် မျှစ်အများဆုံးထွက်ရှိသော ရွာခိုင်ကြီးကျေးရွာ၊ မြင်းရွာကြီးကျေးရွာနှင့် မြင်းဒါးဝယ်ကျေးရွာများ၌ မျှစ်များကို ရွာအနီးပတ်ဝန်းကျင်တောင်များနှင့် တောများသို့သွားရောက်ချိုးယူ၍ ရောင်းချကြခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ လူတစ်ဦးတစ်ရက်လျှင် မျှစ်(၁၀)ပိဿာရကြောင်း၊ တောထဲမှချိုးလာသော မျှစ်အစိမ်း(၁)ပိဿာလျှင် (၅၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အချိန်ပေး၍ ရောင်းချနိုင်သူများက မျှစ်စိမ်းကို ပြုတ်၍ရောင်းချပါက မျှစ်ချို(၁)ပိဿာလျှင် (၁၅၀၀/-)ကျပ်ဖြင့် ရောင်းချရပြီး ဖောက်သည်ပေးပြီးရောင်းပါက မျှစ်စိမ်း(၁)ပိဿာလျှင် (၅၀၀/-)ကျပ်၊ မျှစ်ချို(၁) ပိဿာလျှင် (၁၂၀၀/-)ကျပ်၊ မျှစ်စိမ့်(၁) ပိဿာလျှင် (၁၀၀၀/-)ကျပ်တို့ဖြင့် ရောင်းချပေးကြောင်း၊ လက်လီစျေးနှုန်းအနေဖြင့် မျှစ်စိမ်း(၁)ပိဿာလျှင် (၈၀၀/-)ကျပ်၊ မျှစ်ချို(၁)ပိဿာလျှင် (၁၅၀၀/-) ကျပ်၊ မျှစ်စိမ့်(၁)ပိဿာလျှင် (၁၂၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး မျှစ်များကို ရွာအရောက် လာရောက်ဝယ်ယူသူများလည်းရှိပြီး အခြားကျေးရွာများသို့လည်း ဆိုင်ကယ်များဖြင့် သွားရောက်ရောင်းချသူများလည်းရှိကြောင်း၊ မျှစ်စားသုံးသူများက မျှစ်ကို စားတော်ပဲနှင့်ကြော်၍ စားကြသည့်အပြင် မျှစ်ထောင်း၊ မျှစ်သုပ်၊ မျှစ်ရခိုင်ချက်၊ မျှစ်တာလပေါဟင်း စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်၍ စားသုံးကြပါသည်။ မျှစ်စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိကြောင်း၊ မျှစ်တွင် အမျှင်ဓာတ်များစွာပါဝင်ပြီး အူလမ်းကြောင်းကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှုခြင်းမှကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ဒေသတွင် မျှစ်များထွက်ရှိသဖြင့် ယခုကဲ့သို့ ရာသီချိန်တွင် မျှစ်ချိုး/ မျှစ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိကာ စားဝတ်နေရေးပြေလည်ကြောင်း မျှစ်ရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)