စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်ရှိ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များနှင့်ဆေးဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ကယားပြည်နယ်၏ ကလေးအာဟာရဖြည့်စွက်စာအများစုမှာ လက်ရှိဈေးကွက်အနေအထားအရ တန်ဖိုးကြီးဖော်စပ်စာနှင့် ဖြည့်စွက်စာတချို့မှာ ဝယ်လိုအားနည်းပါးကြောင်း၊ အလယ်အလတ်တန်းစား ကလေးအာဟာရဖြည့်စွက်စာများမှာ အရောင်းပိုသွက်ကြောင်း၊ ဈေးနှုန်းများမှာလည်း မြှင့်တက်လျက်ရှိကြောင်း၊ မိခင်နို့ရည်အစားထိုးအစာဖြင့် အာဟာရပြည့်ဝစွာမရရှိနိုင်သည့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသည့် နို့ရည်နှင့်နို့မှုန့်များတွင် အသက်အပိုင်းအခြားတိကျစွာဖော်ပြပါရှိပြီး ဖျော်စပ်သုံးစွဲရန်အညွှန်းများကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားကြောင်း၊ ပြည်ပမှတစ်ဆင့် ဝင်ရောက်သောကလေးအာဟာရဖြည့်စွက်စာများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များကို စတစ်ကာများဖြင့် ကပ်နှံဖော်ပြထားရှိပြီး အဆိုပါပစ္စည်းများမှာ အသစ်ဝင်ရောက်ခြင်းမဟုတ်ဘဲ သက်တမ်းရက်ကျော်လွန်ခြင်းမရှိသေးသောပစ္စည်းလက်ကျန်များဖြစ်ကြောင်း၊ တချို့ကုန်စုံဆိုင်နှင့် ဆေးဆိုင်များ၌ တင်သွင်းရောင်းချမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
ဆိုင်ရှင်များအနေဖြင့် ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများဖြစ်ပွားစေနိုင်သည့် အာဟာရဖြည့်စွက်စာအမျိုးမျိုးကို နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့ သောနေရာတွင် စနစ်တကျထားသိုသိမ်းဆည်းရောင်းချရန်လိုအပ်ကြောင်းနှင့် စားသုံးသူကိုနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်အညွှန်းအမှတ်အသားမပါရှိသောကုန်စည်များ၊ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ အသက်အရွယ်အလိုက် ရောင်းချသင့်သည့် ကလေးအာဟာရဖြည့်စွက်စာတို့ကို ခွဲခြား၍ရောင်းချရန်လိုအပ်ကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကလေးအာဟာရဖြည့်စွက်စာတို့ကို ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းများစစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ၎င်းနောက် ကလေးအာဟာရဖြည့်စွက်စာများအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်နှင့် ဆေးဆိုင်(၁၀)ဆိုင်အား အသိပညာပေး၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)