၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးရှိ ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားမပါရှိသည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးကို ရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ကြရန်၊ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)