Main menu

စေတုတ္တရာမြို့၊ မြို့မဈေးရှိ ရာသီစာ မန်ကျည်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့မဈေး၌ ရာသီစာ မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါ်နေပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ရာသီစာသီးနှံဖြစ်ပြီး သဘာဝမန်ကျည်းပင်ကြီးမှ ရရှိသောအသီးဖြစ်၍ စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ပါသည်။

    မန်ကျည်းသီးစိမ်းစတင်ပေါ်စအချိန်၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် မန်ကျည်းသီးဈေးနှုန်းမှာ (၁၀)ကျပ်သားကို ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး စက်တင်ဘာလ(ဒုတိယပတ်)တွင် (၁၀)ကျပ်သားလျှင် ကျပ်(၅၀၀)ဖြစ်၍ ဈေးနှုန်းကျဆင်းလာပါသည်။ မန်ကျည်းသီးမှည့်မှာ အစေ့မပါ (၁)ပိဿာလျှင် ကျပ်(၂၅၀၀) မှ ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် အတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိပါသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍သော်လည်းကောင်း၊ ထောင်းစား၍သော်လည်းကောင်း၊ မန်ကျည်းသီးစိမ်းငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သည့်အတိုင်း စားသုံးနိုင်ပါသည်။ မန်ကျည်းပင်သည် အရွက်မှအစ အစေ့အဆုံး စားသုံးနိုင်သောအပင်တစ်မျိုးဖြစ်ပါသည်။ အရွက်နုများကို သုပ်စား/ ချဉ်ရည်ချက်၍စားသုံးနိုင်ပြီး အသီးမှာလည်း အစိမ်းရော အမှည့်ပါ အသုံးဝင်လှပါသည်။ အစေ့ကိုလည်းလှော်၍း သားရေစာအဖြစ်စားကြပါသည်။ မန်ကျည်းသီးအစိမ်းပေါ်ချိန်၌ အစိမ်းစားကြပြီး မှည့်လာသည့်အခါ အစေ့ထုတ်ပြီး နှစ်ရှည်ခံနိုင်စေရန်အလို့ငှာ သိမ်းထားကြပါသည်။

     မြန်မာနိုင်ငံအတွင်း မန်ကျည်းသီးကို ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။ မြန်မာ့ဆေးကျမ်းများအရ မန်ကျည်းပင်သည် ပူ၏၊ ချဉ်၏၊ သည်းခြေကိုဖြစ်စေတက်၏၊ သလိပ်ကိုပွားစေ၏၊ လေကိုနိုင်၏၊ မန်ကျည်းအရွက်သည် ရောင်တင်းခြင်း၊ သွေးဖောက်ပြန်ခြင်း၊ နားရောဂါတို့ကိုနိုင်၏၊ မန်ကျည်းမှည့်သည် ပူ၏၊ ဝမ်းမီးကိုတောက်စေ၏၊ မန်ကျည်းမှည့်ကို ဝမ်းချုပ်တတ်သူများအနေဖြင့် မန်းကျည်းဖျော်ရည်ပြုလုပ်၍သောက်သုံးပေးပါက ဝမ်းသွားခြင်းကိုပုံမှန်ဖြစ်စေပါသည်။ မန်ကျည်းခေါက်ကို သာမန်မျက်စေ့နာနှင့် အပူဒဏ်ခံနိုင်ရန်တို့အတွက် သနပ်ခါးကဲ့သို့ သွေးလိမ်း၍လည်းအသုံးပြုနိုင်ပါသည်။ မန်ကျည်းပင်စည်နှင့် အကိုင်းအခက်များကို အမွှေးတိုင်ပြုလုပ်ရာတွင်လည်း ရိုးတံအဖြစ်အသုံးပြုကြကြောင်း၊ မန်ကျည်းပင်သည် တစ်ပင်လုံးဆေးဖက်ဝင်သောအပင်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)