Main menu

ပခုက္ကူမြို့၊ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၇-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ(၂၈၀)ဦး၊ ဆရာ/ ဆရာမ (၅)ဦး၊ ကျောင်းဈေးသည်(၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုသည်မှာ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးပြီး စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ ယခုလိုစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏အခွင့်အရေးကိုသိရှိနားလည်ပြီး အပြည့်အဝတောင်းဆိုတတ်ရန် ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကိုဝယ်ယူအသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း/ အစားအသောက်များကို ရွေးချယ်ဝယ်ယူတတ်ကြစေလိုကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ်  အကျိုးပြုကာကွယ်ပေးနေသောဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့်အရေး ဦးစားပေး"ဟူသည့်အတိုင်း စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊  မိမိ၏အခွင့်အရေးကိုသဘောပေါက်နားလည်မှသာ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ အစားအသောက်/ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုရှိရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ကြောင်း၊ သတင်းအချက်အလက်ရယူခွင့်ရှိကြောင်း၊ စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ နစ်နာဆုံးရှုံးမှုကိုတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များရှိကြောင်း၊ အသိပညာဗဟုသုတများသိရှိလေ့လာနိုင်ကြောင်း၊ ကောင်းမွန်သောပတ်ဝန်းကျင်တွင် နေထိုင်ခွင့်များပါရှိကြောင်းနှင့် စားသုံးသူ၏တာဝန်များအကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ထို့နောက် ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးကလည်း စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ- ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုကြည့်ရှုပြီး ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ထို့ပြင် ဒုခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးကလည်း ကျောင်းသား/ းသူများအနေဖြင့် အခွင့်အရေးနှင့်တာဝန်များကိုသိရှိပြီး တောင်းဆိုတတ်ရန်နှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိကို သေချာစွာကြည့်ရှုဝယ်ယူတတ်စေရန်ပြောကြားပြီး မိမိတို့အသိပညာပေးဟောပြောဆွေးနွေးမှုများအနက် နားလည်နိုင်မှုစွမ်းရည်များကိုမေးမြန်း၍ ဖြေကြားနိုင်သည့် ကျောင်းသား/ သူများအား ဆုများချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)