စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်တင်မာရီ ဒု-ဦးစီးမှူးသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ဦးဆောင်မှုဖြင့် (၆-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း/အပြင်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၁၂)ဆိုင်၌ မကွေးတိုင်းဒေသကြီး၊ အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တိုင်းတာဝန်ခံ ဒေါက်တာ စိုင်းမင်းသူထွန်းဦးဆောင်သောအဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်ပစ္စည်း(၂၄)မျိုးအား နမူနာကောက်ယူပြီး ဓာတ်ခွဲစစ်ဆေးချက်တွေ့ရှိမှုအရ စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်း(၅)မျိုးတွေ့ရှိခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ အစားအသာက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြောင်းကြားချက်အရ (၈-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပတ္တမြားဈေးအတွင်းရှိ ဈေးဆိုင်များ၌ ရောင်းချခြင်းရှိ/ မရှိ မြို့နယ်စည်ပင်ဦးဆောင်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာ၌ စားသုံးရန်မသင့်သည့်ပစ္စည်း(၅)မျိုးဖြစ်သည့် အရောင်တင်မှုန့်(၁၀)ကျပ်သား၊ မလိုင်ခဲ(၇၅)ထုပ်၊ ပဲပြား(၇)ခဲ၊ ပဲသွေး(၁၀)ခဲ၊ ဒံပေါက်သုံးအမှုန့်အနီ(၉၀)ထုပ်၊ အဝါ(၇)ထုပ်တို့ကို ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ ကုန်စုံဆိုင်ပေါ်တွင် ရောင်းချဖြန့်ဖြူးနေသည်ကိုတွေ့ရှိရပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှုမရှိသောကုန်စည်များကို ဈေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်စေရေး မြို့နယ်စည်ပင်အဖွဲ့က ဦးဆောင်သိမ်းဆည်းခဲ့ပြီး စားသုံးရန်မသင့်သည့်ပစ္စည်း(၅)မျိုးကိုဖျက်ဆီးခဲ့ပါသည်။
ထုတ်လုပ်ရောင်းချဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသော ဈေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့အရ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသောကုန်စည်များကိုသာ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်တွင် ထပ်မံစစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိစေရန်နှင့် အရေးယူမှုအနေဖြင့် ရောင်းချဖြန့်ဖြူးသူတို့မှာ သိရှိနားလည်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)