စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများပါဝင်သောအဖွဲ့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်စားသုံးဆီရောင်းချလျက်ရှိသည့်ဆိုင်များသို့သွားရောက်၍ ကုန်ဈေးနှုန်းများကို မေးမြန်းစုံစမ်းပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပါသည်။
ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ (၃၀-၃-၂၀၂၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀) ကိုထုတ်ပြန်ပြီး အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ရာတွင် စားသောက်ကုန်များကိုလည်း အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားပါကြောင်း၊ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်ကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန် တားမြစ်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ခရိုင်/မြို့နယ်အတွင်းရှိ ကုန်သည်များအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်သာရောင်းချကြရန်နှင့် ရည်ရွယ်ချက်ရှိရှိဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ဆိုင်ပိုင်ရှင်များအား အသိပေးပြောကြားခဲ့ပါသည်။
ဘုရင့်နောင်ဈေးအတွင်း ကွင်းဆင်းစစ်ဆေးရာသို့ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဌေးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)