ပြည်မြို့တွင် နေဗီယာမြက်ကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြကြောင်းသိရပါသည်။ အပင်ပုံစံမှာ ကြံပင် သို့မဟုတ် ပြောင်းဖူးပင်တို့ကဲ့သို့သော အပင်ကြီးမျိုးဖြစ်၍ စိုက်ပျိုးရလွယ်ကူပါသည်။ တိရိစ္ဆာန်များကိုကျွေးလျှင် သာမန်မြက်ထက် ၂ဆ၊ ၃ဆခန့် ကြီးထွားနှုန်းမြန်၍ ရိုးရိုးမြက်မှာ ပရိုတင်းအသားဓာတ် ၅ရာခိုင်နှုန်းခန့်ပါဝင်ပြီး နေဗီယာမြက်၏ အသားဓာတ်မှာ ၁၁ရာခိုင်နှုန်းမှ ၁၈ရာခိုင်နှုန်းအထိပါဝင်ပါသည်။ ဘိုင်အိုဂတ်စ်ထုတ်လုပ်နိုင်ခြင်း၊ လောင်စာထင်းမီးကိုအသုံးပြုပြီး လျှပ်စစ်မီးထုတ်လုပ်နိုင်ခြင်း စသည့် ကောင်းကျိုးများစွာရှိသော မြက်အမျိုးအစားဖြစ်သည်။ တစ်ကြိမ်စိုက်ပျိုးလျှင် ၈နှစ်အထိသုံးနိုင်သောကြောင့် နှစ်ရှည်ရိတ်သိမ်းရခြင်း၊ ရေမပေးနိုင်လျှင်လည်း အကြမ်းခံပြီး အပင်မသေဘဲ နွေရာသီအစာရှားပါးမှုဒဏ်မှကင်းလွတ်ကာ နှစ်ရှည်အသုံးပြု၍ ရသောအပင်မျိုးဖြစ်ပါသည်။ နေဗီယာမြက်ကို အခြောက်သိမ်းနိုင်ပြီး မြက်ချဉ်ဖတ်သိပ်၍ ကျွေးကြောင်းလည်းသိရပါသည်။ တိရိစ္ဆာန်အစာတောင့်ပြုလုပ်ရာတွင်လည်း ပါဝင်မှုရာခိုင်နှုန်းများကြောင်းသိရပါသည်။
မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အစာကုန်ကျစရိတ်သက်သာစေ၍ ဆင်၊ နွား၊ မြင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ ယုန်၊ ပူး၊ ငါး စသည့်သတ္တဝါများကို ကျွေမွေးနိုင်ပြီး တိရိစ္ဆာန်များ ကြီးထွားဖွံ့ဖြိုးကျန်းမာရေးကောင်းမွန်စေ၍ လက်ရှိမြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများအတွက် နေဗီယာမြက်မျိုးစိုက်ပျိုးလာကြပါသည်။ နေဗီယာမြက် ၆လက်မ၊ ၇လက်မ တစ်ဆစ်လျှင် ၁၀၀ကျပ်နှင့် အဆစ်(၂)ဆစ်လျှင် ၁၅၀ကျပ်၊ တေးကူးရန်းနေဗီယာ ၄လက်မ၊ ၅လက်မလျှင် (၂၀၀-၂၅၀) ကျပ်၊ နေဗီယာပါ ချောင်ဝမ်မြက်မျိုးသန့် ၂ပေထက်နိမ့်သော မြက်ချောင်းတစ်ချောင်းလျှင် (၂၀၀-၂၅၀) ကျပ်တို့ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)