ပြည်မြို့၏ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ဈေးကွက်အတွင်း သီးနှံမျိုးစုံရောင်းဝယ်လျက်ရှိကြသည့်အနက် ဟင်းကောင်းတစ်ခွက်အဖြစ်ပါဝင်နေသော မှိုသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ယခုမိုးရာသီကာလတွင် မှိုအမျိုးအစား အမျိုးမျိုးထွက်ရှိကြရာ ကောက်ရိုးမှို၊ တောင်ပို့မှို၊ ငွေနှင်းမှို စသည်ဖြင့် ဈေးကွက်အတွင်းရောင်းချမှုများရှိကြပါသည်။ ရောင်းချမှုအများဆုံးမှာ ငွေနှင်းမှိုဖြစ်ပြီး တောင်ပို့မှို၊ ကောက်ရိုးမှို အမျိုးအစားများမှာမူ ငွေနှင်းမှိုကဲ့သို့ ပေါပေါများများမရှိကြသော်လည်း ဈေးကွက်အတွင်း၌ နေ့စဉ်ရောင်းဝယ်စားသုံးမှုရှိနေကြသော မှိုများအဖြစ်တွေ့ရှိရပါသည်။ ငွေနှင်းမှိုအမျိုးအစားမှိုများမှာမူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကောက်ရိုးမှုအမျိုးအစားမှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ၁၄၀၀၀ကျပ်၊ ၁၅၀၀၀ကျပ်တို့ဖြစ်၍ ဈေးကောင်းခဲ့ပြီး တောင်ပို့မှိုမှာမူ တစ်ပိဿာလျှင် ၃၉၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ ဈေးကောင်းပေးဝယ်ယူစားသုံးကြရကြောင်းသိရပါသည်။ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုများကို ပျိုးထုပ်များဖြင့် စိုက်ပျိုးထုတ်လုပ်ကြသည့်အတွက် ရာသီမရွေးဝယ်ယူစားသုံးနိုင်သော်လည်း တောင်ပို့မှိုကို ယခုရာသီတွင်သာ မှိုကျင်းရှိသော တောင်ပို့များ၌ နှုတ်ယူရောင်းချရသည့်အတွက် ကျန်ကာလများတွင် ရှားပါးသည်ဟုတွေ့ရှိရပါသည်။ မှိုကြိုက်သော အိမ်ရှင်မများအနေဖြင့် ရာသီစာ တောင်ပို့မှိုတို့ကို ဈေးကြီးပေးဝယ်ယူ၍ ချက်ပြုတ်စားသုံးကြကာ အဆိုပါဟင်းတစ်ခွက်ရှိလျှင်ပင် တခြားအသားဟင်းများမလိုဘဲ ထမင်းမြိန်စွာစားသုံးနိုင်သည့် ဟင်းတစ်ခွက်ဖြစ်သည်ဟုဆိုကြပါသည်။ သက်သက်လွတ်ဟင်းလျာအဖြစ်လည်း ဝါတွင်းကာလ၌ သက်သက်လွတ်စားသုံးသူများအတွက် အဆင်ပြေပြီး ကောင်းမွန်သော ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်းသိရပါသည်။ ငွေနှင်းမှိုအမျိုးအစားငွေများကို ငရုတ်သီးစိမ်း၊ မျှင်ငါးပိများနှင့် ကြိုက်နှစ်သက်ရာ အချို၊ အစပ်ချက်ပြုတ်ကြော်လှော်စားသုံးကြပြီး ကောက်ရိုးမှိုအမျိုးအစားများကိုမူ မှိုဟင်းသီးသန့်သော်လည်းကောင်း၊ ကန်စွန်းရွက်နှင့်ရော၍ မှိုကန်စွန်းဟင်းလျာအဖြစ်လည်းကောင်း စားသုံးကြပါသည်။ စားသောက်ဆိုင်ကြီးများတွင် မှိုကန်စွန်းဟင်းလျာကို ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြကြောင်းသိရပါသည်။
DOCA(ပဲခူး)