ပြည်ပဲမျိုးစုံဈေးကွက်၌ ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသော ပဲမျိုးစုံမှာ နေ့စဉ် ရောင်းဝယ်မှုဖြစ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများကို အဓိကထားရောင်းဝယ်နေကြသည့်အပြင် ကုလားပဲ၊ ပဲကြီး စသည့် သီးနှံများကလည်း ဒေသတွင်းဝယ်လက်နှင့် အခြားဝယ်လက်တို့နှင့်ပါ ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ပြည်ပဝယ်လက် အဓိကအဝယ်ရှိသည့် မတ်ပဲသီးနှံမှာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း ဈေးနှုန်းများမြင့်တက်နေသော ပဲသီးနှံဖြစ်ခဲ့ပါသည်။ ပြည်ပဝယ်လိုအား ငွေဈေးအတက်/အကျပေါ်မူတည်၍ ဈေးနှုန်းများပြောင်းလဲမှုရှိကြပါသည်။ ယခုနှစ်အတွင်း မတ်ပဲသီးနှံသည် ပဲသစ်ပေါ်စအချိန်တွင် ပိဿာ၂၀ဝင် တစ်တင်းလျှင် ကျပ် (၆)သောင်းခန့်ဈေးဖွင့်ခဲ့ပြီး တဖြည်းဖြည်းဈေးနှုန်းများမြင့်တက်လာခဲ့ရာ မေလမှစ၍ ပဲတစ်တင်းလျှင် ၇၅၅၀၀ကျပ်ဖြင့် ရောင်းချမှုဖြစ်ခဲ့ပြီး ဇွန်လဆန်းပိုင်းတွင်မူ ပဲတစ်တင်းလျှင် ကျပ်၈သောင်းကျော်ထိမြင့်တက်ခဲ့ပြီး လကုန်ပိုင်းမှစ၍ ဈေးအနည်းငယ်ပြန်လျော့သွားသောကြောင့် တစ်တင်းလျှင် ၇၂၅၀၀ကျပ်ဖြင့်သာရောင်းဝယ်နေခဲ့ကြပါသည်။ ဇူလိုင်လအတွင်း၌လည်း ကျပ်၇သောင်းခန့်ဖြင့်သာ ရောင်းဝယ်နေကြပြီး ဩဂုတ်လ လကုန်ပတ်မှစ၍ ဈေးနှုန်းပြန်မြင့်တက်လာတာကြောင့် ၇၉၀၀၀ကျပ်ထိရောင်းချမှုများဖြစ်ခဲ့ကာ ယခုစက်တင်ဘာလဆန်းမှစ၍ တစ်တင်းလျှင် ကျပ်၈သောင်းကျော်အထိပြန်လည်မြင့်တက်လာခဲ့ကြပါသည်။ ယခင်နှစ်၏ ယခုကာလအချိန်တွင် မတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၆၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ မတ်ပဲသီးနှံ၏ နှစ်အလိုက် ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကိုလေ့လာရာမှ အောက်ပါအတိုင်းတွေ့ရှိရပါ သည်-
ခုနှစ် ဈေးနှုန်း ဈေးနှုန်း
(နိမ့်) (မြင့်)
၂၀၂၀ ၂၉၀၀၀ကျပ် ၃၄၀၀၀ကျပ်
၂၀၂၁ ၄၈၀၀၀ကျပ် ၆၀၀၀၀ကျပ်
၂၀၂၂ ၆၅၀၀၀ကျပ် ၆၆၀၀၀ကျပ်
၂၀၂၃ ၈၀၅၀၀ကျပ် ၈၂၅၀၀ကျပ်
နှစ်အလိုက်ဈေးနှုန်းများအရ ၂၀၂၀ခုနှစ်တွင် မတ်ပဲသီးနှံမှာ ပိဿာ (၂၀) ဝင် တစ်တင်းလျှင် အနိမ့်ဈေး ၂၉၀၀၀ကျပ်မှ အမြင့်ဈေး ၃၄၀၀၀ကျပ်သာရရှိခဲ့ပြီး အဆိုပါနှစ်တွင် ကိုဗစ်ကာလဖြစ်သည့်အတွက် မတ်ပဲသီးနှံသာမက အခြားသောပဲသီးနှံများလည်း ဈေးအေးခဲ့သောနှစ်ဖြစ်ခဲ့ပါသည်။ ၂၀၂၁ခုနှစ်တွင်မူ သီးနှံဈေးနှုန်းများပြန်လည်မြင့်တက်လာပြီး စက်တင်ဘာလအတွင်း မတ်ပဲသီးနှံ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် အနိမ့်ဈေး ၄၈၀၀၀ကျပ်မှ အမြင့်ဈေး ၆၄၀၀၀ကျပ်ထိရရှိခဲ့ကြပါသည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွင်း မတ်ပဲပိဿာ(၂၀)ဝင် တစ်တင်းလျှင် အနိမ့်ဈေး ၆၅၀၀၀ကျပ်မှ အမြင့်ဈေး ၆၆၀၀၀ကျပ်ထိ ဈေးရရှိခဲ့သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများမှာ ထိုက်သင့်သောအကျိုးအမြတ်များရရှိခဲ့ကြပါသည်။ တချို့တောင်သူများမှာမူ ပဲပေါ်စကတည်းက ရောင်းချမှုများရှိကြပြီး စိုက်ဧကများသူများနှင့် ငွေကြေးအဆင်ပြေသူတို့မှာ ထွက်လာသမျှ ပဲထုတ်လုပ်ရောင်းချမှုမရှိဘဲ သိုလှောင်ထားကြကာ ဈေးအမြင့်ကြိုက်ဈေးရောက်မှ ထုတ်ရောင်းချသည်ဟုသိရပါသည်။ ယခုနှစ်တွင် မတ်ပဲသီးနှံအပြင် အခြားပဲသီးနှံများပါဈေးနှုန်းများမြင့်တက်လာခဲ့သောကြောင့် ယခုအချိန်၌ ရှေးယခင်နှစ်များ၏ ဈေးနှုန်းများထက် သိသိသာသာပိုမိုမြင့်တက်လာခဲ့ကြပါသည်။ သို့သော်လည်း စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် ပဲသစ်ပေါ်စအချိန်တွင် ၆၀၀၀၀ကျပ်သာရရှိခဲ့သောကြောင့် လက်ဝယ်ကျန်သူတောင်သူအနည်းစုလောက်သာ အကျိုးအမြတ်ပိုသောသီးနှံဖြစ်ခဲ့ကြပါသည်။ တချို့တောင်သူများအနေဖြင့် ကျပ်၇၀၀၀၀ခန့်ရှိစဉ်တွင် မျိုးပဲလောက်သာချန်၍ လက်ကျန်ပဲများထုတ်ရောင်းချလာကြပြီး တောင်သူတချို့မှာ ယခု ကျပ်၈၀၀၀၀ကျော်မှသာ ထုတ်ရောင်းချသူများလည်းရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံသည် ပဲသစ်ပေါ်ချိန်မှစ၍ တစ်နှစ်တာလုံး ရောင်းဝယ်မှုဖြစ်သည့် ပဲအမျိုးအစားဖြစ်သောကြောင့် ပဲထွက်ပေါ်ချိန် အထွက်လှိုင်ချိန်များ၌ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်ခဲ့ပြီး ကျန်ကာလများတွင်မူ နေ့စဉ် ပုံမှန် အိတ်(၃၀၀)ကျော်၊ အိတ်(၄၀၀) ရောင်းချမှုများရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံကို ပြည်ဈေးကွက်၌ အဓိဝယ်ယူသည့်ဝယ်လက်များမှာ ရန်ကုန်ဝယ်လက်များဖြစ်ပြီး မျိုးပဲရာသီတွင်မူ နယ်ဝယ်လက်များအဝယ်ရှိကြသည်ဟုသိရပါသည်။ ယခုကာလဈေးနှုန်းမှာ မြင့်တက်လာသော်လည်း ပြည်ဈေးကွက်အတွင်း၌ မတ်ပဲသီးနှံအနေဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)