ဘူးသီးကို မြန်မာလူမျိုးများ၏ မီးဖိုချောင်ထဲ၌ အများဆုံးတွေ့ရပြီး ၎င်းမှာ သွေးတိုးကျစေသည့်အစွမ်းနှင့် နှလုံးရောဂါကိုသက်သာစေသော အစွမ်းရှိသည်ဟုဆိုကြပါသည်။ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက်သောက်သုံးကြသည့်အပြင် ပြုတ်၍ တို့စားခြင်း၊ သုတ်စာခြင်းမျိုးလည်းပြုလုပ်ကြပါသည်။ ဘူးသီးကို စားသုံးပေးခြင်းကြောင့် အသည်း၏လုပ်ငန်းဆောင်တာတို့ကို ဟန်ချက်ညီစေပါသည်။ ဘူးသီးမှာ ပြည်ဝဆီနှင့် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်စီ၊ အိုင်ဆိုဖလေပင်၊ ဇင့်ဓာတ်၊ သံဓာတ်နှင့် မဂ္ဂနီဆီယမ်တို့ပါဝင်မှုများခြင်းကြောင့် အသည်းကိုသန့်စင်ပေးပါသည်။ ဘူးရွက်မှရရှိသောအရည်မှာ အသားဝါခြင်းကိုသက်သာစေပြီး ဘူးသီးအရည်မှာမူ ဆံပင်ဖြူခြင်းကို လျော့ကျစေသည်ဟုဆိုကြပါသည်။
ဘူးသီးကို ခြံဝန်းများ၊ အိမ်ယာမြေများတွင် စင်ထိုး၍ စိုက်ပျိုးကြပါသည်။ ဘူးပင်ကို မိုးရာသီတွင်စိုက်ပျိုးကြသည့်အပြင် ဆောင်းရာသီတွင်လည်း ရေသွင်း၍စိုက်ပျိုးကြပါသည်။ ဘူးသီးကိုစိုက်ပျိုးပြီးနောက် (၄၅)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ ယခုအခါ ဈေးကွက်အတွင်း၌ ဘူးသီးများကို ဈေးကွက်တွင်ရောင်းချနေပြီး ပြည်မြို့အနီးရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ဖိုးခေါင်၊ ချောင်းနားတန်းရွာများမှ ပြည်မြို့အတွင်းရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချနေကြောင်းသိရှိရပါသည်။ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များအတွင်း ရောင်းချနေသော ဘူးသီးဈေးနှုန်းများမှာ တစ်လုံးလျှင် (၆၀၀-၇၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)