Main menu

ပြည်ဈေးကွက်အတွင်းရှိ ရာသီစာသီးနှံ ကျွဲကောသီး

Powered by Drupal

   ကျွဲကောပင်ကို Pummelo ဟုခေါ်တွင်ပြီး ရုက္ခဗေဒအမည်မှာ Citius Grandisi ဖြစ်ပါသည်။ မျိုးရင်းမှာ Rutaceae မျိုးရင်းတွင် ပါဝင်ပါသည်။ ကျွဲကောသီးအပင်သည် နှစ်ရှည်မျိုးဖြစ်ပါသည်။ အသီးအရွယ်အစားမှာ ကြီးပြီး အခွံပါး၍ အရည်ရွှမ်းပါသည်။ နေအလင်းရောင် အသင့်အတင့်ရရှိပါက တောက်ပသောအဝါရောင်သီးခွံဖြစ်စေပြီး အလင်းပြင်းအားများပါက  အဝါဖျော့ရောင်အသီးခွံကိုဖြစ်စေပါသည်။ အသီးများမှည့်ခါနီးတွင် အိတ်စွပ်ပေးပါက အသီး၏အသားကိုနူးညံ့စေပြီး အရည်ကိုရွှမ်းစေပါသည်။ အပင်များကြီးထွားရန်အတွက် အသီးပင်တို့ကို ရေအလုံအလောက် ပေးသွင်းရန်လိုအပ်ပါသည်။ ရေမလုံလောက်ပါက ပန်းပွင့်နှင့်အသီးများကြွေကျခြင်း (သို့မဟုတ်) အသီးဖွံ့ဖြိုးမှုရပ်တံ့သွား၍ အလုံးအသေးများဖြစ်ပြီး ကြွေကျခြင်းတို့ဖြစ်တတ်ပါသည်။ ရေပေးသွင်းရာတွင် (၃)ရက်လျှင် တစ်ကြိမ်ပေးသွင်းရပါသည်။ အသီးများဆွတ်ခူးပြီး တစ်နှစ်လျှင်တစ်ကြိမ် မကောင်းသောအကိုင်းများ၊ ရှုပ်ထွေးနေသောအကိုင်းများ၊ အကိုင်းခြောက်များ၊ မြေကြီးနှင့်နီးသောအကိုင်းများနှင့် ပင်စည်တဝိုက်ရှိသောကိုင်းသေးများနှင့် ရာသီချိန်မဟုတ်သောကာလတွင်ရှိသော အသီးများကိုခူးဆွတ်ပေးရပါသည်။ ကျွဲကောသီးပင်တို့ကို စတင်စိုက်ပျိုးပြီးနောက် အချိန် (၅-၆)လအကြာတွင် ခူးဆွတ်နိုင်ပါသည်။ ကျွဲကောပင်တို့ကိုစိုက်ပျိုးရာတွင် ကိုင်းကူး၊ ကိုင်းဆက်ခြင်း၊ နည်းပညာဖြင့် စိုက်ပျိုးနိုင်သည့်အပြင် မျိုးစေ့တို့ကို အပင်ဖောက်၍လည်းစိုက်ပျိုးနိုင်ပါသည်။ ကျွဲကောသီးအတွင်းပိုင်း၏ အသားရောင်မှာ အဝါရောင်နှင့် ပန်းရောင်ဟူ၍ (၂)မျိုးရှိပါသည်။ ကျွဲကောပင်များအား ပြည်မြို့နှင့် ဒေသတဝိုက်ရှိ ကျေးလက်ဒေသများတွင်လည်းကောင်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း တစ်အိမ်လျှင် (၅-၆)ပင် စသည်ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ရာသီပေါ်ချိန်တွင် ကျွဲကောသီးများ လာရောက်ဝယ်ယူရာ၌ ပင်လုံးပြတ်ဝယ်ယူခြင်းများလည်းရှိပြီး အလုံးအကြီး/အသေးခွဲ၍လည်းဝယ်ယူခြင်းများလည်းရှိပါသည်။ ဒေသထွက် ကျွဲကောသီးတို့ကို တစ်ဆင့်ခံဝယ်ယူပြီး သစ်သီးဒိုင်များသို့ ပြန်လည်ပေးသွင်းကြပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုဈေးကွက်အတွင်း ဝင်ရောက်လာသောကျွဲကောသီးများမှာ ဝါဆိုသီးဖြစ်ပါသည်။ သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် ကျွဲကော်သီးများလှိုင်လှိုင်ထွက်ရှိပါသည်။ ကျွဲကောသီးအကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)