ပြည်ဈေးကွက်အတွင်း ကောက်ရိုးမှိုများမှာ ဈေးကောင်းရလျက်ရှိနေပြီး အရောင်းအဝယ်မှာ မှိုဥ၊ မှိုငုံ၊ မှိုပွင့် စသည်ဖြင့်ရှိရာ မှိုငုံမှာ ဈေးသင့်တင့်သည့်အတွက် အရောင်းအဝယ်ပိုသွက်ကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့ပတ်ဝန်းကျင်ရှိ ရပ်ကွက်နှင့် ကျေးရွာများဖြစ်သော မှော်ဇာရွာ၊ ကင်းပွန်ခြုံရွာနှင့် ခေတ္တရာမြို့သစ်ရပ်ကွက်များ၌ မျိုးစေ့ဝယ်ယူပြီး တစ်နိုင်တစ်ပိုင်စီးပွားဖြစ် စိုက်ပျိုးရောင်းချမှုများဆောင်ရွက်လျက်ရှိရာ တစ်နှစ်ပတ်လုံးနီးပါး ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် ၈၀မှ ၁၀၀ကြားဝင်ရောက်မှုရှိပြီး ကောက်ရိုးမှိုကို ကန်စွန်းရွက်နှင့်တွဲဖက်၍ကြော်စားပါက အဆိပ်အတောက်ပြေလျော့ကာ သက်သက်လွတ်စားသုံးသူများအကြိုက် အာဟာရတန်ဖိုးမြင့်သည့် ဟင်းတစ်ခွက်ဖြစ်ပါသည်။ ကောက်ရိုးမှိုသည် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ပရိုတင်း၊ အင်ဇိုင်း၊ ကစီဓာတ်နှင့် ရေဓာတ်များပါဝင်သဖြင့် ဘေးဥပဒ်ဖြစ်စေနိုင်သောအဆီများကိုဖယ်ရှားပေး၍ ကိုလက်စထရောကို လျင်မြန်စွာလောင်ကျွမ်းစေနိုင်ကြောင်းသိရပါသည်။ ကောက်ရိုးမှိုဈေးနှုန်းများမှာ မှိုဥ (၁၀)ကျပ်သားလျှင် (၁၄၀၀-၁၅၀၀) ကျပ်၊ မှိုငုံ (၁၀)ကျပ်သားလျှင် (၁၂၀၀-၁၃၀၀) ကျပ်နှင့် မှိုပွင့် (၁၀)ကျပ်သားလျှင် (၉၀၀-၁၀၀၀) ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြကြောင်း သိရပါသည်။
DOCA(ပဲခူး)