Main menu

ပြည်ဆင်ခရမ်းချဉ်သီး ဈေးကောင်းရ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းတွင် ပြည်ဈေးကွက်သို့ ဆင်ခရမ်းချည်သီးများ စတင်ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရနေကြောင်းသိရပါသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်နှင့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဘက်တို့မှ ဝင်ရောက်မှုရှိသည့်အပြင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှလည်း ဝင်ရောက်မှုရှိနေကြောင်းသိရပါသည်။ တစ်ပတ်လျှင် ရက်ခြား ပြည်ဈေးကွက်သို့ အလုံးရေ (၁၅၀၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဝယ်လိုအားကောင်းကြောင်းလည်းသိရပါသည်။

     ဆင်ခရမ်းချဉ်သီးသည် ခရမ်းချဉ်သီးမျိုးရင်းဆိုသော်လည်း အနှစ်များခြင်း၊ အသားထူခြင်း၊ အရသာအနေဖြင့် အချဉ်စူးခြင်း၊ အခါးဓာတ်နည်းနည်းပါခြင်း စသည့်အရသာရှိပြီး မမှည့်ခင်အချိန် အဝါရောင်မပြောင်းမီ အစိမ်းရောင်ရှိနေချိန်တွင် စားသုံးမှသာ  ဟင်းလျာများအတွက် အရသာထူးပြီး စားကောင်းကြောင်းလည်းသိရပါသည်။

      ဆင်ခရမ်းချဉ်သီးကို ကြက်သောက်ဆမ်းဟင်း၊ ငါး၊ ပုစွန်ခြောက်တို့နှင့်လည်း ငါးပိချက်ချက်၍သော်လည်းကောင်း၊ ငရုတ်သီး၊ ငပိဖုတ်၊ ပုစွန်ခြောက်တို့ကိုရော၍ ဆင်ခရမ်းချဉ်သီးထောင်းအဖြစ်လည်းကောင်း စားသုံးကြပြီး ဆင်ခရမ်းချဉ်သီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်းလည်းသိရပါသည်။

     ဆင်ခရမ်းချဉ်သီးတွင် ဗီတာမင် A,B,C နှင့် ပိုတက်ဆီယမ်၊ ရေဓာတ်၊ သံဓာတ်၊ အမျှင်ဓာတ်နှင့် ဗီတာမင် K တို့ပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းစေခြင်း၊ ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက် အထောက်အကူပေးနိုင်ခြင်း၊ သွေးနီဥဆဲလ်များကိုဖြစ်ပေါ်စေသဖြင့် သွေးအားနည်းရောဂါကာကွယ်ပေးခြင်း၊ စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပါသည်။

    ဆင်ခရမ်းချဉ်သီးအနေဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသော်လည်း ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ရောဂါအခံရှိသောကလေးငယ်များနှင့် ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးစွဲသောက်နေရသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ စားသုံးသင့်ကြောင်းလည်း လေ့လာသိရှိရပါသည်။

     ပြည်ဈေးကွက်အတွင်း ယခုကဲ့သို့ ဆင်ခရမ်းချဉ်သီးရှားပါးချိန်တွင် ပေါ်ဦးပေါ်ဖျား ဝင်ရောက်လာသည့်အတွက် ဈေးကောင်းရနေပြီး ဝင်ရောက်လာသည့် အလုံးအကြီး/ အသေးပေါ်မူတည်၍ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၁၈၀-၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)