Main menu

မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ်လျက်ရှိသည့် အညာဒေသထွက်ပဲကြီးလှော်

Powered by Drupal

       အညာဒေသရှိ အစားအသောက်များထဲတွင် ပဲကြီးလှော်သည်လည်း နာမည်ကြီးသော အစားအသောက်တစ်ခုပင်ဖြစ်ပါသည်။ ပဲကြီးလှော်သည် အညာဒေသတွင်သာမက အခြားဒေသများ တွင်လည်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။ မြန်မာလူမျိုးအများစုသည် ရှေးယခင်ကတည်းကပင် ပဲကြီးလှော်များကို လက်ဖက်ရည်ကြမ်းမြည်း၍ စားသောက်ရခြင်းကို လွန်စွာနှစ်သက်ကြ ပါသည်။

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော “ဒေါ်လှခင်” ပဲကြီးလှော်မှာ နာမည်ကြီးလှပြီး တစ်ပိုင်တစ်နိုင်မိသားစုဝင်များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ “ဒေါ်လှခင်” ပဲကြီးလှော်မှာ ကုန်ကြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀) ပေးရပြီး ပိဿာချိန်(၃၀)ခန့်ပါရှိကြောင်း၊ အဖျင်းအမှော်များကို ဖယ်ရှားပြီးလျှင် အချိန်(၂၅)ပိဿာ ခန့်သာ အသားတင်ကျန်ရှိကြောင်း၊  ပဲကြီးကိုလှော်မည်ဆိုပါက ပဲကိုတစ်ညရေစိမ်ပြီး မနက်သို့ ရောက်သောအခါ နေလှန်းပေးရကြောင်း၊ နေလှန်းပြီးပဲကြီးများကိုလှော်သည့်အခါ  ပဲကြီးအချိန် (၂၅) ပိဿာလျှင် ဆား(၂)ပိဿာထည့်၍ လှော်ရကြောင်း၊ လုပ်သားဦးရေမှာ(၇)ဦးရှိပြီး တစ်ဦးလျှင် တစ်နေ့လုပ်အားခ ကျပ်(၅၀၀၀)ခန့် ပေးရကြောင်း၊ တစ်နေ့လျှင်  ပဲကြီးအိတ်(၂)အိတ်ခန့်လှော်ရပြီး ထင်း ကုန်ကျမှုမှာ ကျပ်(၆၀၀၀)ခန့်ရှိကြောင်းသိရှိရပြီး ပဲကြီးလှော်တစ်အိတ်လျှင် အလျော့တွက်၊ ဆား၊ လုပ်သားခ၊ ထင်းဖိုးများ၊ သယ်ယူပို့ဆောင်ခများအပါဝင် ပျမ်းမျှအသားတင်ကုန်ကျစရိတ်မှာ ကျပ်(၂၂၄၀၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

     လှော်ပြီးသော ပဲကြီးလှော်များကို ပခုက္ကူဒေသတွင်းသာမက မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး (၁)ပိဿာလျှင်ကျပ်(၁၁၀၀၀)ခန့်ဖြင့် ရောင်းချရကြောင်း၊ တစ်ရက်လျှင် ပဲကြီးလှော် အချိန်(၅၀)ခန့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ပဲကြီးတစ်အိတ်လျှင် အလျော့ တွက်၊ လုပ်သားခ၊ ထင်းဖိုးများ၊ သယ်ယူပို့ဆောင်ခများ အပါအဝင် ပျမ်းမျှကျပ်(၅၀၀၀၀)ခန့် အမြတ်ရရှိကြောင်း သိရှိရပါသည်။

     ပဲကြီးလှော်သည်  အစာချေဖျက်မှုအတွက် အလွန်ကောင်းမွန်ပြီး၊ ပဲကြီးတွင် ကျန်းမာရေးအတွက်  အထောက်အကူပြုသော အမျှင်ဓာတ်များပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးခြင်း၊ ပရိုတိန်းဓာတ်များ မြင့်မားစွာပါဝင်၍ လူကြီး၊ လူငယ်မရွေး စားသုံးကြသောကြောင့် နေရာဒေသမရွေး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)