Main menu

မိုးသီးနှံများထဲက တွက်ချေကိုက်သည့်ဝါသီးနှံ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့်အဖွဲ့သည် (၄.၁၂.၂၀၂၁)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ် စည်သာ ကျေးရွာရှိ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူဦးထွန်းခိုင်၏ဝါစိုက်ခင်းသို့သွားရောက်၍ ဝါသီးနှံများစိုက်ပျိုးထုတ်လုပ်မှုအခြေအနေကို လေ့လာခဲ့ရာ စည်သာကျေးရွာတွင် ဝါစိုက်ဧကမှာ (၇၀)ဧကခန့်ရှိကြောင်း၊ မျိုးများမှာ ဒေသမျိုး ငွေချည်-၉၊ ငွေတောင်-၁၁၊ ကမ္ဘောဇမျိုးများအပြင် ရာကာ (၆၆၆)မျိုး ကိုလည်း စိုက်ပျိုးကြကြောင်း ဝါသီးနှံကို ဩဂုတ်လ၊ စက်တင်ဘာလတွင် စတင် စိုက်ပျိုးကြပြီး ရာကာ(၆၆၆)မျိုးမှာ သက်တမ်းငယ်သဖြင့် နိုဝင်ဘာလတွင် စတင်ခူးဆွတ်ရနိုင် ကြောင်း၊ ဒေသမျိုးများမှာ ဒီဇင်ဘာလမှ စတင်ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဒေသမျိုးများဖြစ်သည့် ငွေချည်-၉၊ ငွေတောင်-၁၁နှင့် ကမ္ဘောဇမျိုးများမှာ အပွင့်၊ အသီးသေးပြီး အသီးနည်းသဖြင့် ဝါကောက်ရာတွင် အချိန်ပေးရသလောက် ဝါအရနည်းကြောင်း၊ ရာကာ(၆၆၆)မျိုး မှာ အပွင့်၊ အသီးကြီးပြီး အသီးစိပ်သဖြင့်ဝါကောက်ရာတွင် အချိန်တိုအတွင်း ဝါ အရများကြောင်း၊ ဝါ သီးနှံ(၁)ဧကကို ဒေသမျိုး ပိဿာ(၃၀၀)ခန့် ထွက်လျှင် ရာကာ(၆၆၆)မျိုးက ပိဿာ(၃၅၀)ခန့် ထွက် ရှိကြောင်း၊ ရာကာ(၆၆၆)မျိုးသည် မိမိတို့ကျေးရွာမြေအနေအထားနှင့်လည်း ကိုက်ညီကြောင်း၊ဒေသ မျိုးထက် တွက်ခြေကိုက်ကြောင်း၊ ဒေသမျိုး(၂)ဧကနှင့် ရာကာ(၆၆၆)မျိုး (၅)ဧကခန့် စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးပြီးအပင်သက်တမ်း(၁)လခွဲတွင် မြေဆီအာမိုအနီကွန်ပေါင်းကို (၁)ပင်လျှင် လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ကျွေးပေးရကြောင်း စိုက်ပျိုးပြီးသက်တမ်း (၃)လဆိုလျှင် ဝါစတင် ကောက်ရပါကြောင်း၊ စိုက်ပျိုးပြီးသည့်အချိန်မှ ရိတ်သိမ်းချိန်ထိ (၁၀)ကြိမ်ခန့် ဝါကောက်ရကြောင်း၊ သိရှိရပါသည်။ ရာကာ(၆၆၆)မျိုး၏ (၁)ဧကခန့်မှန်းကုန်ကျစရိတ်မှာ (၁၈၀၀၀၀/-)ကျပ်ခန့် ကုန်ကျပါ ကြောင်း၊ ရာကာ(၆၆၆)မျိုးစေ့ (၄၅၀)ဂရမ် (၁)ထုပ်ကို (၂၉၀၀၀/-)ကျပ်ပေးရပါကြောင်း၊ ထွန်စက်ခ (၁)နာရီလျှင်(၃၀၀၀၀/-)ကျပ်၊ နွားတစ်ရှဉ်းတစ်မနက်လျှင် (၁၀၀၀၀/-)ကျပ်၊ စိုက်ခ၊ကောက်ခ လူတစ်ဦးလျှင် တစ်မနက်လုပ်အားခ(၂၀၀၀/-)ကျပ်ပေးရပါကြောင်း ၊ မြေ(၁)ဧကဆိုလျှင် ထွန်စက် ဖြင့်(၂)နာရီမြေပြုပြင်ရပြီး စိုက်ကြောင်းဆွဲရပါကြောင်း၊ ယခုဝါ(၁)ပိဿာပေါက်ဈေးနှုန်းမှာ ကျေးရွာ အထိုင်ဈေး(၁၂၀၀/-)ကျပ် ရရှိပါကြောင်း၊ ပခုက္ကူမြို့သို့သွားရောက်ရောင်းချလျှင် ရာကာ(၆၆၆)မျိုး ဆိုလျှင်(၁) ပိဿာ(၁၄၀၀/-)ကျပ်ရရှိပြီး ကားခမှာ(၁)ပိဿာလျှင်(၃၀/-)ကျပ်ပေးရကြောင်း၊ ဝါရောင်းချရာတွင် ပွဲခပေးစရာမလိုသဖြင့် တောင်သူများအတွက် ပို၍အဆင်ပြေကြောင်း၊ ဝါသီးနှံ သည် အခြားသီးနှံများလို ခူးဆွတ်ပြီးချိန်တွင်လည်း တလင်းမလို၊ ချွေလှေ့နေလှန်းစရာမလို၊ အပင်မှ ခူးဆွတ်ပြီးပါက ဈေးကွက်သို့ တိုက်ရိုက်ရောင်းချနိုင်သည့်အတွက် တောင်သူများ ပိုမိုတွက်ခြေကိုက်ကြောင်းလေ့လာသိရှိရပါသည်။

        ဝါသီးနှံသည် မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ဘဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးသင့်ပါကြောင်း၊ သိရှိခဲ့ရ ပါသည်။ ဝါသီးနှံ(၁)ဧက စိုက်ပျိုးမည်ဆိုလျှင် ပျှမ်းမျှကုန်ကျစရိတ်မှာ (၁၈၀၀၀၀/-)ကျပ်ခန့် ဖြစ်ပြီး၊ (၁)ဧကဝါအထွက် ပိဿာ(၃၀၀)ထွက်ရှိလျှင် (၁)ပိဿာဈေးနှုန်းမှာ (၁၂၀၀/-) ကျပ်ဖြစ်သည့်အတွက် (၃၆၀၀၀၀/-)ကျပ် ရရှိသဖြင့် ပျှမ်းမျှအကျိုးအမြတ်မှာ (၁၈၀၀၀၀/-)ကျပ်ခန့် ဖြစ်ပါကြောင်း လေ့လာမိသမျှ တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)