ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များသည် ပဲခူးရိုးမတောင်ခြေများအနီးရှိ ဝါးရုံတောများမှ မျှစ်များရရှိပါသည်။ မျှစ်များလှိုင်လှိုင်ထွက်ရှိသော မိုးဦးကျကာခါစ၊ ဇွန်၊ ဇူလိုင်လများသည် မျှစ်အပေါဆုံးထွက်ရှိသော လများဖြစ်ပါသည်။ တောင်ပေါ်တောများမှ အများဆုံး စားသုံးသော မျှစ်အမျိုးအစားများမှာ သိုက်မျှစ်၊ ကြသောင်းမျှစ်၊ မျှင်မျှစ်၊ ဝါးဖြူမျှစ် တို့ဖြစ်ကြပါသည်။ ကျေးလက်တောရွာများတွင် စိုက်ပျိုးထားသော ဝါးပိုးဝါးမျှစ်များကို မျှစ်ချဉ်ထည့်၍ ရောင်းချလေ့ရှိကြသည်။
သိုက်မျှစ်များသည် အရင်ဦးဆုံးပေါ်သော မျှစ်ဖြစ်ပြီး ပေါ်စအချိန်တွင် ဈေးကွက်တွင် ဈေးကောင်းရရှိပါသည်။ မျှစ်များကိုကြော်စား၍လည်းကောင်း ၊ အိုးကြီးများတွင်ထည့်၍လည်းကောင်း ၊ ကော်ပုံးကြီးထဲများတွင် ဆားထည့်၍ တစ်နှစ်ပတ်လုံးစားသုံးရန် ဝယ်ယူထည့်ထားလေ့ရှိပါသည်။ ကြသောင်းမျှစ်များကိုတော့ အချိုချက်စား၍ လည်းကောင်း ၊ ကြော်စား၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ သိုက်မျှစ်နှင့် ဝါးဖြူမျှစ်များကိုတော့ ငါးပိရည် တို့စရာအဖြစ် စားသုံးလေ့ရှိကြပါသည်။ သိုက်မျှစ်များပေါ်စအချိန်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်ဈေးဖြင့် ဝယ်ယူရပါသည်။ ကြသောင်းမျှစ်နှင့် မျှင်မျှစ်တို့ပေါ်စအချိန် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်တွင် ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်၊ ဝါးဖြူမျှစ်တစ်ပိဿာ ပေါ်စအချိန်တွင် ၂၀၀၀ ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်နှင့် ယခုအချိန်ထိ တစ်ပိဿာလျှင် ၁၆၀၀ ကျပ် ဈေးဖြင့် ဝယ်ယူစားသုံးနေကြပါသည်။ ဝါးပိုးမျှစ်ချဉ် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ ကျပ်ဈေးဖြင့် စားသုံးနေကြပါသည်။ မျှင်မျှစ်(ခေါ်) မျှစ်နီများကို ဒေသတွင်းစားသုံးနိုင်ရုံမက ရန်ကုန်မြို့ကြီးများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရာသီစာမျှစ်များကို နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)