Main menu

အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်း

Powered by Drupal

မိုးပိုမိုရွာသွန်းမှုကြောင့် ပဲစင်းငုံအထွက်နှုန်းလျော့ကျဖွယ်ရှိသည့်သတင်း

၁။      အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီကာလအတွင်း  မိုးရွာသွန်းမှုအားကောင်းသည့်အပြင် မိုးလွန်ကာလ၌ မိုးရွာသွန်းမှု အားကောင်းသဖြင့် ကာနာတကာပြည်နယ်တွင် စိုက်ခင်းများ၏ ၅ ပုံ ၁ ပုံ ခန့် ထိခိုက်ခဲ့ပြီး အန္တရာပရာဒေ့ရှ်၊ မဟာရဋ္ဌနှင့် ဂူဂျရတ် စသည့်ပြည်နယ်များတွင်လည်း မိုး ပိုမိုရွာသွန်းမှု ရှိသဖြင့် ယခုနှစ် ပဲစင်းငုံအထွက်နှုန်းမှာ လျော့ကျဖွယ်ရှိသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုနေ ကြကြောင်း၊ ဌာနဆိုင်ရာသတင်းအရင်းအမြစ်များအရ ကာနာတကာပြည်နယ်၌ ယခုနှစ်တွင် ပဲစင်းငုံ ဧရိယာ ဟက်တာ ၁၄.၅၅ သိန်း စိုက်ပျိုးထားရှိရာ အဓိကခရိုင်များဖြစ်သော Kalaburgi နှင့် Bidar ဒေသ များ၌ မိုးပိုမိုရွာသွန်းမှုများကြောင့်  ဟက်တာ ၂.၉၁ သိန်းခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ် အတွင်းရှိ တောင်သူများသည် ယခုနှစ်၌ ပဲစင်းငုံစိုက်ဧရိယာ လျာထားချက် ဟက်တာ ၁၄.၃ သိန်းကို ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သော်လည်း  အချို့ခရိုင်များ၌ စိုက်ခင်းများ၏ ၃၃% မှ ၅၅% အထိ  ထိခိုက် ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း Hindu Business Line သတင်းဌာနကဖော်ပြထားကြောင်း၊ ကာနာတကာ ပရာဒေ့ရှ် ပဲစင်းငုံ စိုက်ပျိုးသူများအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူက ယခုနှစ်သည် ပဲစင်းငုံ စိုက်ပျိုးသူများအတွက် အောင်မြင်မှုမရသောကာလပင်ဖြစ်ပြီး သည်းခံနိုင်ဖွယ်မရှိသောဆုံးရှုံးမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ၏စာရင်းများအရ ၂၀၂၁-၂၀၂၂ သီးနှံ စိုက်ပျိုးရေးနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ ပဲစင်းငုံ စိုက် ပျိုးထားရှိမှုမှာ ဧရိယာဟက်တာ ၄၉.၈၃ သိန်းရှိပြီး ယခင်နှစ်ထက် ဟက်တာ ၁.၈၅ သိန်းခန့် ပိုမို ခဲ့ကြောင်း၊ပဲစင်းငုံအဓိကစိုက်ပျိုးသည့် မဟာရဋ္ဌပြည်နယ်တွင် ၁၃.၂၃ သိန်းနှင့် မဒ္ဒရာပရာ‌ဒေ့ရှ် ပြည် နယ်တွင် ၄.၂၅ သိန်း စိုက်ပျိုးထားကြောင်း၊ Kalaburgi ဒေသရှိ ပဲခွဲစက်နှင့် ပဲရောင်းဝယ်ရေးလုပ်ငန်း ရှင်က ယခုနှစ်ကာနာတကာပြည်နယ်၏ ပဲစင်းငုံထုတ်လုပ်မှုမှာ ၄၀% အထိလျော့ကျနိုင်ကြောင်း၊ အချို့သော ဒေသများတွင် ဒီဇင်ဘာလလယ်ပိုင်း၌  ရိတ်သိမ်းမှုလုပ်ငန်း စတင်ဆောင်ရွက်တော့မည်ဖြစ်‌သော်လည်း ပွဲတော်ရာသီကာလအတွင်း ဝယ်လိုအားနည်းပါးခဲ့မှုနှင့် ပြည်ပမှ ဆက်လက်တင်သွင်းခွင့် ရရှိနေမှုတို့ ကြောင့် ပဲစင်းငုံဈေးနှုန်းမှာအကျဘက်၌ တည်ငြိမ်လျှက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ Prakash Agro Mills ပဲခွဲစက်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာက ရာသီဥတုပြောင်းလဲလာသည့်ဖြစ်စဉ်က ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ကြီးမားစွာသက်ရောက်မှု ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကာနာတကာနှင့် အန္တရာ ပရာဒေ့ရှ်ပြည်နယ်များ၌  ပျက်စီးဆုံးရှုံးမှုများအပါအဝင် တစ်နိုင်ငံလုံးပဲစင်းငုံထွက်ရှိမှုမှာ၂၀% ခန့် လျော့ ကျဖွယ်ရှိကြောင်း၊ ကုန်သည်များထံမှ တုန့်ပြန်ချက်များအရ ယခုနှစ် ပဲစင်းငုံတန်ချိန် ၂.၉ သန်း ခန့် ထွက်ရှိနိုင်ကြောင်းခန့်မှန်းရသည်ဟုပြောကြားခဲ့ကြောင်း၊ မိုးနှောင်းကာလနောက်ပိုင်း နိုင်ငံတစ်ဝန်း စိုက် ခင်းများထိခိုက်ပျက်စီးမှုကြောင့် ပဲစင်းငုံအထွက်လျော့နည်းပြီး ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်း ရန်အတွက် ပြည်ပမှ ဝယ်ယူတင်သွင်းမှုကို တိုးမြှင့်‌ဆောင်ရွက်ရဖွယ်ရှိကြောင်းသိရှိရပါသည်။

အိန္ဒိယနှင့်ရုရှား နှစ်နိုင်ငံမိတ်ဖက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုတိုးမြှင့်မည်

၂။       အိန္ဒိယ-ရုရှား နှစ်နိုင်ငံခေါင်‌ဆောင်များ၏ ၂၁ ကြိမ်မြောက် နှစ်စဉ်ညီလာခံဆွေးနွေးပွဲကို ၆-၁၂-၂၀၂၁ ရက်နေ့၌ ကျင်းပခဲ့ရာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့်အတူ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ တက်ရောက်လျှက် နှစ်နိုင်ငံ မိတ်ဖက်ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်နိုင်မည့်ကဏ္ဍများအပေါ် အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊အဆိုပါညီလာခံဆွေးနွေးပွဲအပြီး  ပူးတွဲသတင်းထုတ်ပြန်ရာ၌ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက၂၀၂၁ ခုနှစ်၊ပထမနှစ်ဝက်အတွင်း ၃၈% တိုးတက် လာခဲ့ကြောင်း၊နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၂၅ ခုနှစ်အရောက်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးအမေရိကန် ဒေါ်လာ ၃၀ ဘီလီယံအထိရရှိရေးအတွက်  ပိုမိုကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အိန္ဒိယ နှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတို့အကြား ကုန်သွယ်မှုသဘောတူညီချက် ဖော်ဆောင်နိုင်ရေး ညှိနှိုင်း မှုများ စတင်လုပ်ဆောင်ရန်လိုအပ်လျှက်ရှိမှုကိုလည်း အလေးပေးဆွေးနွေးခဲ့ကြကြောင်း၊ ဉီးစားပေးကဏ္ဍစုံ၌  နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက်  ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်‌ကျေးမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အိန္ဒိယ-ရုရှား အစိုးရကော်မရှင်အောက်၌ နှစ်ဘက်ထိတွေ့ ဆက်ဆံမှုများဆက်လက်လုပ်ဆောင်ရန်လိုအပ်မှုကိုလည်း အသိအမှတ်ပြုခဲ့ကြသည်ဟုဖော်ပြထားကြောင်း၊ အိန္ဒိယအစိုးရက ချမှတ်ဖော်ဆောင်လျှက်ရှိသော ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး အစီအမံတစ်ရပ်ဖြစ်သည့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ချိတ်ဆက်အားပေးဆွဲဆောင်မှု(Production-Linked Incentive -PLI) အစီအစဉ် အောက်ရှိ ကုန်ထုတ်လုပ်မှုကဏ္ဍ ၁၃ ခုတွင် ရုရှားကုမ္ပဏီများအနေဖြင့် ပါဝင်လုပ်ကိုင်ရန် ဝန်ကြီးချုပ် မိုဒီ ကတိုက်တွန်းခဲ့ကြောင်း၊ နှစ်နိုင်ငံ အမျိုးသားငွေပေးချေမှု အခြေခံအဆောက်အအုံစနစ်အတွင်း အိန္ဒိယ RuPayကတ်နှင့် ရုရှားMIRကတ်တို့ကို လက်ခံအသိအမှတ်ပြုလျှက် အိန္ဒိယ၏ပေါင်းစည်း ငွေပေးချေမှု စနစ်(UPI)နှင့်ရုရှား၏ လျင်မြန်စွာငွေပေးချေမှုစနစ်(FPS) တို့ကို အပြန်အလှန် ချိတ်ဆက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိသည်ကို ဝန်ကြီးချုပ်မိုဒီနှင့် သမ္မတပူတင်တို့က  ဖော်ပြခဲ့ကြကြောင်း၊ ဘဏ်လုပ်ငန်းအချင်းချင်းအကြား ငွေပေးချေမှုလွယ်ကူချောမွေ့စေရေး ရုရှားဗဟိုဘဏ်၏ ဘဏ္ဍာငွေကြေးဆိုင်ရာ သတင်းအချက်အလက် ပေးပို့မှုစနစ်သို့ အိန္ဒိယ ငွေကြေးအဖွဲ့အစည်းများက ပါဝင်ချိတ်ဆက်ဆောင်ရွက်ရန် ရုရှားနိုင်ငံဘက်မှဖိတ်ခေါ်ခဲ့ကြောင်း၊ ရုရှားနိုင်ငံအတွင်း အိန္ဒိယကောင်စစ်ဝန် ရုံးများဖွင့်လှစ်ရေးမြေနေရာချထားမှုနှင့် ဗလာဒီဗော့စတော့မြို့၌ အိန္ဒိယကောင်စစ်ဝန်ချုပ်နေအိမ် ဆောက်လုပ်မှု စသည့်နယ်ပယ်များနှင့်သက်ဆိုင်သော အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၉ စောင်ကိုလက်မှတ်ရေးထိုးခဲ့သည့်အပြင် နှစ်နိုင်ငံရှိ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ကုမ္ပဏီလုပ်ငန်းများ အကြား အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ ရေနံထွက်ကုန်၊ သံမဏိထုတ်ကုန်၊ကျန်းမာရေး၊ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့်ကုန်သွယ်ရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘော တူညီချက်များနှင့် နားလည်မှုစာချွန်လွှာ ၁၉ စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)