Main menu

ကျောက်ဖရုံသီးပင်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့် အကျိုးရလဒ်

Powered by Drupal

    ကန့်ဘလူမြို့နယ်၏ ဒေသအနှံ့အပြားတွင် ကျောက်ဖရုံသီးပင်များကို မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်းသိရသည်။ ကျောက်ဖရုံသီးပင်ကို စင်ခံပြီးစိုက်ပျိုးနိုင်သည့်အပြင် မြေလွှတ်ပြီးလည်းစိုက်ပျိုးနိုင်ကြောင်းသိရသည်။ ကျောက်ဖရုံပင်မှာ တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အသီးမှာ တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင်ရောနှောနေတတ်ပါသည်။

     အစာလည်းဆေး၊ ဆေးလည်းအစာဆိုသကဲ့သို့ ကျောက်ဖရုံသီးသည် ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်ပြီး ရေဓာတ်၊ အမျှင်ဓာတ်၊ ကယ်လိုရီ၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင် C၊ ဇင့်ဓာတ်၊ ဗီတာမင် B တို့ပါဝင်သောကြောင့်  ဆီးချို၊ ကျောက်ကပ်နှင့် နှလုံးရောဂါသမားများစားသုံးလျှင် ပိုသင့်တော်ပါသည်။ ကျောက်ဖရုံသီးကိုစားသုံးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာ၌ အထောက်အကူပေးနိုင်ကြောင်းသိရသည်။ ကျောက်ဖရုံသီးကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်ကြသလို သကြားဖြင့် ကျောက်ဖရုံယိုအဖြစ် ယိုထိုး၍လည်း စီးပွားဖြစ်ရောင်းချကြပါသည်။

     ယခုအခါ ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီလက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ပြောပြချက်အရ ကျောက်ဖရုံသီးအလုံးသေး(၁)လုံးလျှင် ၁၅၀၀ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၃၅၀၀ကျပ်ဖြင့်ရောင်းချရပြီး ကျောက်ဖရုံသီးတစ်စိတ်လျှင် ၅၀၀ကျပ်ဖြင့်ရောင်းချရသောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)