ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များနှင့် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်လှိုင် (ဦးစီးမှူး) တို့က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသောဆန်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်လှိုင် (ဦးစီးမှူး) က ကုန်စုံဆိုင်ပိုင်ရှင်များအား လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များရောင်းချရာတွင် (FDA) ထောက်ခံချက်ရရှိသောကုန်စည်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ရခိုင်)