Main menu

ဘားအံမြို့၊ ရေပေါ်ဈေး၌ ပုစွန်နှစ်ကောင်အပါအဝင် ပုံးဆီများအရောင်းအဝယ်အေး၍ ဈေးကျ

Powered by Drupal

  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသော စားအုန်းဆီများဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးမှုကြောင့် ပုစွန် ၂ကောင်အပါအဝင် ပုံးဆီများအရောင်းအဝယ်အေး၍ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဘားအံမြို့၊ ရေပေါ်ဈေးရှိ ဆီအရောင်းဆိုင်များမှသိရသည်။

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ပုစွန် ၂ကောင်အပါအဝင် ဘူးသွတ်ဆီများ၊ ပုံးဆီများမှာ ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ကရင်ပြည်နယ်၌ စားအုန်းဆီဖြန့်ဖြူးမှုအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းက ရည်ညွှန်းဈေးအပေါ် သတ်မှတ်ချက်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဘားအံမြို့ပေါ်နှင့် မြို့နယ်များတွင် အရောင်းကိုယ်စားလှယ်ဆိုင် ၁၉ဆိုင်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသောကြောင့် ယခုကဲ့သို့ ပုစွန် ၂ကောင်အပါအဝင် ဘူးသွတ်ဆီများနှင့်ပုံးဆီများဈေးနှုန်းကျဆင်းခြင်းရကြောင်းသိရသည်။ ပုစွန် ၂‌ကောင်အပါအဝင် ဘူးသွတ်ဆီများ၊ ပုံးဆီများဈေးနှုန်းကျဆင်းရ၍ အရောင်းအဝယ်အေးရခြင်းနှင့်ပတ်သက်၍ ဘားအံမြို့၊ ရေပေါ်ဈေးရှိ ကုန်စုံဆိုင်ပိုင်ရှင် မလဲ့က “သတ်မှတ်ဈေးနဲ့ ပေပါဆီတွေရောင်းပေးနေတော့ ပုစွန် ၂ကောင်ဆီတွေ၊ ပုံးဝါဆီတွေ ဈေးကျတယ်ဆရာရေ၊ အရောင်းအဝယ်ကတော့ ၃ဆလောက်ကျသွားတယ်၊ ခုတော့ အကျဈေးနဲ့ပဲရောင်းနေရတယ်” ဟုပြောပြလာပါသည်။

  စက်တင်ဘာလအတွင်း ရည်ညွှန်းဈေးအပေါ် သတ်မှတ်ချက်အရ  ရောင်းချပေးခဲ့သောစားအုန်းဆီ ၁ပိဿာဈေးနှုန်းမှာ ရည်ညွှန်းဈေးအလိုက် ၄၅၀၀/ကျပ်မှ ၅၁၀၀/ကျပ်ဖြစ်ကြောင်းနှင့် ဘားအံမြို့၊ ရေပေါ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပုစွန် ၂ကောင်အပါအဝင် ဘူးသွတ်ဆီများမှာ ဩဂုတ်လအတွင်း ပုစွန် ၂ကောင်ဆီ ၁လီတာလျှင် လက်လီရောင်းဈေး ၅၈၀၀/ကျပ်ထိရှိခဲ့ရာမှ စက်တင်ဘာလ စတုတ္ထအပတ်တွင် ၁လီတာလျှင် ၄၃၀၀/ကျပ်ဈေးနှုန်းထိလည်းကောင်း၊ ပုံးဝါဆီ ၁၀ပိဿာလျှင် ၈၈၀၀၀/ကျပ်မှ ၇၀၀၀၀ကျပ်ထိလည်းကောင်း ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်အေးလျက်ရှိပြီး ဈေးနှုန်းအကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရပါသည်။

DOCA(ကရင်)