စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူဇာကျော်(ဒု-ဦးစီးမှူး)သည် ပြည်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၅-၉-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် "လဝန်း" ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပခုက္ကူမြို့တွင် ဒေသအစားအစာတစ်ခုဖြစ်သည့် ပဲကြော်လုပ်ငန်းမှာ လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ပဲကြော်လုပ်ငန်းရှင်နှင့် လတ်တလောပဲကြော် လုပ်ငန်း၏အခြေအနေကိုမေးမြန်းရာ ပဲကြော်လုပ်ငန်းတွင် ပဲကြီးကိုသာအသုံးပြုပြီး ပဲကြီးကို မုံရွာမြို့မှဝယ်ယူရကြောင်း၊ တစ်တင်းလျှင် ပခုက္ကူမြို့အရောက် ကျပ်(၁၁၀၀၀၀) ပေးရပါကြောင်း၊ ပဲမကြော်မီ တစ်ညရေစိမ်ပြီးမှသာ အခွံချွတ်ရကြောင်း၊ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ကျပ် (၁၂၀၀၀) ပဲချွတ်ခပေးရပြီး ပဲချွတ်သည့်လုပ်သားတစ်ဦးမှာ တစ်နေ့လျှင် (၁၀)ပြည်ခန့်ပြီး၍ မိသားစုလိုက်ပဲချွတ်လျှင် တစ်အိတ်ခန့်ပြီးကြောင်း၊ ပဲကြော်လုပ်ငန်းများ အဆင်ပြေစွာလည်ပတ်နိုင်လျှင် ပဲချွတ်သည့်မိသားစုများမှာ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနိုင်ကြောင်း၊ ပဲကြော်ကို ဝါစေ့ဆီဖြင့်ကြော်ပြီး ဆီတစ်ပိဿာလျှင် ကျပ်(၉၅၀၀)ပေးရကြောင်း၊ တစ်တင်းခွဲအိတ်တစ်အိတ်ကြော်လျှင် ပဲကြော်(၂၆)ပိဿာခန့်ထွက်ရှိကြောင်း၊ လုပ်သားအနေဖြင့် (၇)ဦးခန့်ရှိပြီး လုပ်အားခကို အမျိုးသားတစ်ဦးလျှင် ကျပ်(၁၀၀၀၀)၊ အမျိုးသမီးတစ်ဦးလျှင် ကျပ်(၆၀၀၀)ပေးရကြောင်း၊ ဈေးကွက်အနေဖြင့် ယခင်တွင် မြိုင်နယ်သို့အဓိကထားပို့ကြောင်း၊ ယခုလတ်တလောအခြေအနေအရ တင်ပို့မှုမရှိဘဲ ပခုက္ကူမြို့တွင်းသာရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် ပဲကြော်တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ကျပ်(၁၅၀၀-၂၀၀၀)ခန့်သာကျန်ရှိကြောင်း ပဲကြော်လုပ်ငန်းရှင်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။
DOCA(မကွေး)