ပြည်ပဲမျိုးစုံဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသော ပဲမျိုးစုံနေ့စဉ် ရောင်းဝယ်မှုဖြစ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ အဓိကထားရောင်းဝယ်နေကြသလို ကုလားပဲ၊ ပဲကြီးစသည့် သီးနှံများကလည်း ဒေသတွင်းဝယ်လက်ရော အခြားဝယ်လက်များဖြင့်ပါ ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ ပြည်ပဝယ်လက်အဓိက အဝယ်ရှိသည့် မတ်ပဲသီးနှံဟာဆိုလျှင် ယခုကာလအတွင်း ဈေးနှုန်းများမြင့်တက်နေတဲ့ ပဲသီးနှံဖြစ်ခဲ့ပါသည်။ ပြည်ပဝယ်လိုအား ငွေဈေးအတက် အကျပေါ်မူတည်၍ ဈေးနှုန်းများပြောင်းလဲမှုရှိကြပါသည်။ ယခုနှစ်အတွင်း မတ်ပဲသီးနှံသည် ပဲသစ်ပေါ်စအချိန်က ပိဿာ ၂၀ တစ်တင်း ကျပ် (၆)သောင်းကျော် ဈေးဖွင့်ခဲ့ပြီး တဖြည်းဖြည်း ဈေးနှုန်းများမြင့်တက်လာခဲ့ရာ မေလမှစ၍ ပဲတစ်တင်း ၇၅၅၀၀ ကျပ်ဖြင့် ရောင်းချမှုဖြစ်ခဲ့သလို ဇွန်လဆန်းပိုင်းမှာတော့ ပဲတစ်တင်း ကျပ် ၈ သောင်းကျော်ထိ မြင့်တက် ခဲ့ပြီး လကုန်ပိုင်းမှစ၍ ဈေးအနည်းငယ်ပြန်လျော့သွားလို့ တစ်တင်း ၇၂၅၀၀ကျပ်ဖြင့်သာ ရောင်းဝယ်နေခဲ့ကြပါသည်။ ဇူလိုင်လအတွင်းတွင်လည်း ၇ သောင်းပတ်ဝန်းကျင်သာ ရောင်းဝယ်နေပြီး ဩဂုတ်လ လကုန်ပတ်မှစ၍ ဈေးပြန်မြင့်တက်လာတာကြောင့် ၇၉၀၀၀ ကျပ်ထိ ရောင်းချမှုများဖြစ်ခဲ့ကာ ယခု စက်တင်ဘာလဆန်းမှစ၍ တစ်တင်းလျှင် ကျပ် ၈ သောင်းကျော် အထိပြန်လည်မြင့် တက်လာခဲ့သည့်အတွက် စက်တင်ဘာ တတိယပတ်တွင် တစ်တင်း ၈၁၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ ယခင်နှစ်က ယခုကာလတွင် မတ်ပဲ သီးနှံဈေးသည် တစ်တင်း ၆၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ မတ်ပဲသီးနှံ၏ စက်တင်ဘာလအတွင်း နှစ်အလိုက် ကာလတူအချိန် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးဈေးများကို လေ့လာရာမှာ အောက်ပါအတိုင်း တွေ့ရှိရပါသည်-
ခုနှစ် ဈေးနှုန်း ဈေးနှုန်း
(နိမ့်) (မြင့်)
၂၀၂၀ ၂၉၀၀၀ကျပ် ၃၄၀၀၀ကျပ်
၂၀၂၁ ၄၈၀၀၀ကျပ် ၆၀၀၀၀ကျပ်
၂၀၂၂ ၆၅၀၀၀ကျပ် ၆၆၀၀၀ကျပ်
၂၀၂၃ ၈၀၅၀၀ကျပ် ၈၃၀၀၀ကျပ်
နှစ်အလိုက်ဈေးနှုန်းများအရ ၂၀၂၀ ခုနှစ်တွင် မတ်ပဲသီးနှံမှာ ပိဿာ (၂၀)တစ်တင်း အနိမ့်ဈေး ၂၉၀၀၀ကျပ်မှ အမြင့်ဈေး ၃၄၀၀၀ကျပ်သာရရှိခဲ့ပြီး အဆိုပါနှစ်တွင် ကိုဗစ်ကာလ ဖြစ်သည့်အတွက် မတ်ပဲသီးနှံသာမက အခြားသောပဲသီးနှံများလည်း ဈေးအေးခဲ့တဲ့ နှစ်ဖြစ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှာတော့ သီးနှံဈေးနှုန်းများပြန်လည်မြင့်တက်လာပြီး စက်တင်ဘာလ အတွင်း မတ်ပဲသီးနှံ၏ ပိဿာ(၂၀)တစ်တင်း အနိမ့်ဈေးမှာ ၄၈၀၀၀ ကျပ် မှ အမြင့်ဈေး ၆၄၀၀၀ ကျပ်ထိ ရရှိခဲ့ကြပါသည်။ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း မတ်ပဲပိဿာ(၂၀)တစ်တင်း အနိမ့်ဈေး ၆၅၀၀၀ ကျပ်မှ အမြင့်ဈေး ၆၆၀၀၀ကျပ်ထိ ဈေးရရှိခဲ့ကြလို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ထိုက်သင့်သော အကျိုးအမြတ်များရရှိခဲ့ကြပါသည်။ အချို့တောင်သူများကတော့ ပဲပေါ်စကတည်းက ရောင်းချမှုများရှိကြပြီး စိုက်ဧကများသူ ငွေကြေးအဆင်ပြေသူများကတော့ ထွက်လာသမျှ ပဲထုတ်လုပ် ရောင်းချမှုမရှိဘဲ သိုလှောင်ထားကြကာ ဈေးအမြင့် ကြိုက်ဈေးရောက်မှ ထုတ်ရောင်းချသည်ဟု သိရပါသည်။ ယခုနှစ်မှာတော့ မတ်ပဲသီးနှံအပြင် အခြားပဲ သီးနှံများ ပါဈေးနှုန်းများ မြင့်တက်လာခဲ့ကြတာကြောင့် ယခုအချိန်မှာ ယခင်နှစ်များ၏ ဈေးနှုန်းများထက် သိသိသာသာ ပိုမိုမြင့်တက် လာခဲ့ကြပါသည်။ သို့သော်လည်း စိုက်ပျိုး ထုတ်လုပ်သူတောင်သူများအနေဖြင့် ပဲသစ်ပေါ်စအချိန်က ၆၀၀၀၀ကျပ်သာရရှိခဲ့လို့ လက်ဝယ် ကျန်သူတောင်သူအနည်းစုလောက်သာ အကျိုးအမြတ်ပိုတဲ့ သီးနှံဖြစ်ခဲ့ကြပါသည်။ အချို့တောင်သူများအနေဖြင့် ကျပ် ၇၀၀၀၀ မှာကတည်းက မျိုးပဲလောက်သာချန်၍ လက်ကျန်ပဲများထုတ်ရောင်းချလာကြပြီး တောင်သူအချို့မှာတော့ ယခုကျပ် ၈၀၀၀၀ကျော်မှသာ ထုတ်ရောင်းချသူများလည်း ရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံသည် ပဲသစ်ပေါ် ချိန်မှစ၍ တစ်နှစ်တာလုံး ရောင်းဝယ်မှုဖြစ်သည့် ပဲအမျိုးအစားဖြစ်လို့ ပဲထွက်ပေါ်ချိန် အထွက် လှိုင်ချိန်များ၌ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်ခဲ့ပြီး ကျန်ကာလများတွင်တော့ နေ့စဉ်ပုံမှန် အိတ်(၃၀၀)ကျော် (၄၀၀) ရောင်းချမှုများရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံအား ပြည်ဈေးကွက်၌ အဓိကဝယ်ယူသည့် ဝယ်လက်များမှာ ရန်ကုန်ဝယ်လက်များဖြစ်ပြီး မျိုးပဲရာသီမှာတော့ နယ်ဝယ်လက်များ အဝယ်ရှိကြသည်ဟု သိရပါသည်။ယခုကာလပဲဈေးနှုန်း များမြင့်တက်လာသော်လည်း ပြည်ဈေးကွက်အတွင်းမှာ မတ်ပဲသီးနှံအနေဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)