ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက် ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ် အမှတ်(၂)ရပ်ကွက်ရှိ အေးစေတီဘုရားဝင်းအရှေ့တွင် (၁၆-၉-၂၀၂၃) ရက်နေ့မှစ၍ စနေနေ့ အခွန်လွတ်ဈေးအား အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက်ရှိ စနေနေ့အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် သား/ငါး အရောင်းဒိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ဝက်သား ၁ ပိဿာ ၁၃၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ၁၄၀၀၀ကျပ်၊ ဆိတ်သား ၁ ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သား(ဥတုံး)၆၀၀၀ ကျပ်၊ မွေးမြူရေးငါးကြင်း ၁ ပိဿာ ၆၀၀၀ ကျပ်၊ ပုစွန်ထုပ်(အလတ်) ၁ ပိဿာ ၂၀၀၀၀၊ ဘဲဥ ၁၀ လုံး ၂၉၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ၂၄၀၀ ကျပ်၊ ကန်စွန်းရွက်၁ စည်း ၁၂၀ကျပ်၊ ချဉ်ပေါင်ရွက် ၁ စည်း ၁၂၀ ကျပ်၊ ဟင်းနုနွယ် ၁ စည်း ၂၅၀ ကျပ်၊ ခရမ်းသီး ၁ ပိဿာ ၁၈၀၀ ကျပ်၊ ကျောက်ဖရုံသီး ၁ ပိဿာ ၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ ၂၀၀၀ ကျပ်၊ သံပုရာသီး ၁ လုံး ၁၀၀ ကျပ်၊ ရှောက်သီး ၁ လုံး ၅၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ ထုပ် ၁၈၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁ ပွင့် ၁၅၀၀ ကျပ် ၊ ဘူးသီး ၁ လုံး ၁၅၀၀ ကျပ်၊ ကင်ပွန်းချဉ်ရွက် ၁ စည်း ၂၀၀ ကျပ်၊ ပြောင်းဖူး ၁ ဖူး ၃၅၀ ကျပ် စသည်ဖြင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အခွန်လွတ်ဈေးများဖွင့်လှစ်ရောင်းချပေးခြင်းဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအနေဖြင့် ဝယ်သူထံသို့ ကြားပွဲစားမခံဘဲတိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ/သားငါးထုတ်လုပ် ရောင်းချမှုအပေါ် အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ်စားသောက်ရေးတွင် ကုန်ကျစရိတ် အပေါ်ကာမိကာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လူမှုစီးပွားဘဝ ရိုက်ခတ်မှုလျော့နည်းလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
DOCA(ကရင်)