Main menu

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ

ကောက်ပဲသီးနှံထုတ်လုပ်မှုတိုးတက်လာစေရေးစီမံကိန်းများချမှတ်ဆောင်ရွက်လျှက်ရှိ

          တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားသည့် ကောက်ပဲသီးနှံများ ထုတ်လုပ်ထွက်ရှိမှု တိုးတက် လာစေမည့်စီမံကိန်း(၆)ခု ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊အစားအသောက် လုံခြုံစိတ်ချရမှု စဉ်ဆက်မပြတ် စေရန်၊၂၀၂၅ ခုနှစ်သို့အရောက်တွင် ကောက်ပဲသီးနှံ အရည်အသွေးနှင့်လတ်ဆတ်မှုကို ထိန်းသိမ်းထား နိုင်ရန်၊ အပူချိန် ထိန်းညှိသိုလှောင်ထားနိုင်ရန်၊ ဓါတုပစ္စည်းအသုံးချမှုလျှော့ချရန်၊ အစားအသောက် ထိန်း သိမ်းရာတွင် လိုက်လျောညီထွေရှိမှုမည့် ပတ်ဝန်းကျင်‌ကောင်းဖန်တီးနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျှက် ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစတင်၍ အစားအသောက်အရည်အသွေး မြင့်မားစေမည့် စီမံကိန်းများ ချမှတ်လုပ်ဆောင်လျှက်ရှိရာ ဗဟိုအစိုးရမှ အဆိုပါစီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ(၃.၃)ဘီလီယံ ခွဲဝေချထားပေးခဲ့ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပမာဏ တရုတ်ယွမ်ငွေ (၆၀)ဘီလီယံအထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်ဟု တရုတ် အမျိုးသားအစားအသောက်နှင့်မဟာဗျူဟာအရန်ထားရှိရေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ပြည်ပကုန်သွယ်မှု တည်ငြိမ်စေရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်

          တရုတ်နိုင်ငံသည်  ကမ္ဘာပေါ်ရှိနိုင်ငံနှင့်ဒေသစုစုပေါင်း(၂၃၀)နှင့်ကုန်သွယ်မှုဆောင်ရွက်လျှက်ရှိ ကြောင်း၊ တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့မှုသည် ကမ္ဘာ့စုစုပေါင်းတင်ပို့မှု၏ ၁၄.၆% ၊ တင်သွင်းမှု သည် ကမ္ဘာ့စုစုပေါင်းတင်သွင်းမှု၏ ၁၂% အသီးသီးပါဝင်လျှက်ရှိရာကြောင်း၊သို့ရာ၌ ကိုဗစ် ၁၉ ကမ္ဘာ့ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားလျှက်ရှိခြင်း၊ ကမ္ဘာ့နိုင်ငံများစုအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်း၊ငွေ ဖောင်းပွမှု မြင့်တက်ခြင်း၊ နိုင်ငံတကာစက်မှုလုပ်ငန်းများနှင့် ရောင်းလိုအားတို့အကြား  ချိတ်ဆက်ကူးပြောင်းသည့်ပုံစံ၊ပြောင်းလဲသည့်အရှိန်မြင့်တက်လာခြင်းကြောင့် ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှုဆောင်ရွက်နေသည့် တရုတ်လုပ်ငန်းများအနေဖြင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှုဆောင်ရွက်နေသည့် တရုတ်လုပ်ငန်းရှင်များ အနေဖြင့် လက်တွေ့ကုန်သွယ်မှုပြုရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများအား ကျော်လွှားနိုင်စေရန် အတွက်  ပြည်ပကုန်သွယ်မှု တည်ငြိမ်စေမည့် မူဝါဒပိုင်းဆိုင်ရာစီမံဆောင်ရွက်မှုများအား အချိန်အခါ အလိုက် ထိန်းညှိပေးခြင်း၊ မူဝါဒအသစ်များ ချမှတ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ

ဆန်ဝယ်ယူမှုအမှာစာများအားလက်ခံရရှိခြင်း

          အိန္ဒိယနိုင်ငံရှိဆန်တင်ပို့သူလုပ်ငန်းရှင်များအနေဖြင့်လက်တင်အမေရိကဈေးကွက်သို့ဘာစမာတီ ဆန်များကို ပထမဉီးဆုံးအကြိမ်အဖြစ် ယခုနှစ်ဒီဇင်ဘာလ မှစတင်၍ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း၊ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာက လက်တင်အမေရိကဒေသရှိ နိုင်ငံများသည် ဆန်ကို ယခင်က အမေရိကန်နိုင်ငံမှသာ ဝယ်ယူတင်သွင်းခဲ့သော်လည်း ယခုအခါ အိန္ဒိယနိုင်ငံသို့ ဉီးလှည့်၍ အမှာစာများပေးပို့လာသည်ဟု ပြောဆိုခဲ့ကြောင်း၊ ယခုကဲ့သို့ ဈေးကွက်အသစ်ရရှိလာမှုသည်  ငွေပေးချေမှုဆိုင်ရာ အခက်အခဲပြဿနာများကြောင့် အဓိကဆန်တင်ပို့ရာ အီရန်နိုင်ငံ၌ ဈေးကွက် ပျောက်ဆုံးမှုနှင့်ရင်ဆိုင်နေရသော အိန္ဒိယကုန်သည်များအတွက်  သက်သာမှုရရှိစေမည်ဖြစ်ကြောင်း၊ နှစ်ကာလများစွာကပင် ဘာစမာတီဆန်များအား တင်ပို့လျှက်ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အီရန်နိုင်ငံအပေါ် စီးပွားရေးအရအရေးယူမှုက ငွေပေးချေမှုစနစ်ကို ပျက်ယွင်းမှုဖြစ်ပေါ်စေပြီး အိန္ဒိယကုန်သည်များအနေဖြင့် အီရန်ရှိ ၎င်းတို့ကုန်သွယ်ဘက်များထံမှ ကုန်ဖိုးငွေရရှိရန် ကြန့်ကြာမှုများ ကြုံတွေ့ရလျှက်ရှိကြောင်း၊ အီရန်နိုင်ငံနှင့်ကုန်သွယ်ရာတွင် အိန္ဒိယရှိ ရေနံချက်လုပ်သည့် ကုမ္ပဏီများသည် ရေနံစိမ်းများ ဝယ်ယူတင်သွင်းမှုအတွက် ကုန်ဖိုးငွေများကို UCO Bank ၌ ဖွင့်လှစ်ထားသည့် အီရန်နိုင်ငံ၏ ရူပီးငွေ စာရင်းသို့ ပေးသွင်းထားရှိပြီး အိန္ဒိယ၏ ပို့ကုန်များအတွက် ၎င်းငွေစာရင်းမှ ပြန်လည်ခုနှိမ်ပေးချေခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အီရန်နိုင်ငံအပေါ် အရေးယူကန့်သတ်မှုအား အမေရိကန်နိုင်ငံက ဖြေလျှော့ပေးထားသည့်ကာလကုန်ဆုံးချိန် ၂၀၁၉ ခုနှစ်၊ မေလ မှစတင်၍ အီရန်နိုင်ငံထံမှ ရေနံများအား ရူပီးငွေဖြင့် ဝယ်ယူခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းခဲ့သည့်နောက်ပိုင်း အိန္ဒိယဘဏ်များ၌ အပ်နှံထားသည့် အီရန်နိုင်ငံ၏ အရန်ရူပီးငွေ လက်ကျန်ပမာဏမှာ လျော့ပါးလာခဲ့ရာ ယခင်က ပြည်တွင်း၌ ဆန်စပါး ရိတ်သိမ်း ထွက်ပေါ်ချိန်တွင် ပြည်ပမှတင်သွင်းမှုကို တားမြစ်လေ့ရှိသည့် ရာသီအလိုက်ကန့်သတ်ချက်အား အီရန် အစိုးရက ပယ်ဖျက်ပေးခဲ့ကြောင်း၊ အိန္ဒိယကုန်သည်များသည် အီရန်နိုင်ငံနှင့်ကုန်သွယ်ရာ၌ ငွေပေးချေမှု အကျပ်အတည်းအား ကျော်လွှားနိုင်မည့်အခြေအနေကို စောင့်ဆိုင်းလျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၌ ယခု နှစ်မိုးနှောင်းကာလ မိုးသည်းထန်မှုများကြောင့် စိုက်ပျိုးထားဆဲ စပါးခင်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ အရည်အသွေးမြင့် ဘာစမာတီဆန် ထွက်ရှိမှုမှာ ယခင်နှစ်ထုတ်လုပ်မှုနှင့်နှိုင်းယှဉ်ပါက ၁၅ % မှ ၂၀% ထိ ကျဆင်းဖွယ်ရှိပြီး ဈေးနှုန်းများသည်လည်း ၂၀% မှ ၄၀% အထိမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံ

ပို့ကုန်တင်ပို့သူများကို အသိအမှတ်ပြုဆု ချီးမြှင့်ခြင်း

          ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီးသည် အလုပ်အကိုင်များ၊ စီးပွားရေးနှင့်ဒေသခံလူထုများကိုကူညီပံ့ပိုးပေးသည့်အတွက်ဩစတြေးလျပို့ကုန်တင်ပို့သူဆု(Australian  Export Awards )တွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်းအားလုံးကို ချီးကျူးဂုဏ်ပြုခဲ့သည်ဟု ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရကြောင်း၊ မြောက်ပိုင်းနယ်မြေစီးပွားရေးလုပ်ငန်း Monsoon Aquatics သည်   နိုဝင်ဘာလကုန်ပိုင်း၌ပြုလုပ်သည့် ၅၉ ကြိမ်မြောက် ဩစတြေးလျပို့ကုန်တင်ပို့သူဆုတွင် ယခုနှစ် အတွက် ပို့ကုန်တင်ပို့သူအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ အဆိုပါ Monsoon Aquatics သည် ပညာရေး သုတေသန၊ လူငယ်အလုပ်အကိုင်နှင့် Great Barrier Reef ၏ ကျန်းမာရေးကိုထိန်းသိမ်းခြင်း အပါအဝင် လူမှုရေးနှင့်ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစပျိုးလုပ်ဆောင်မှုများတွင် ပါဝင်ကူညီခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးလျှက်ရှိကြောင်း၊ ဩစတြေးလျအစိုးရသည်  နိုင်ငံတွင်းမှ စွန့်ဉီးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာကုန်သွယ်မှုနှင့် ထိတွေ့စေပြီး အောင်မြင်မှုရရှိရန် ဆန်းသစ်တီထွင်ပြီးလိုက်လျောညီထွေဖြစ်အောင် ပံ့ပိုးကူညီပေးနေသည်ဟု ပြောကြားထားကြောင်း၊ နိုင်ငံအဆင့်ပေးအပ်သော ဆုအမျိုးအစား(၁၃)မျိုးမှာ အဆင့်မြင့်နည်းပညာ၊ လယ်ယာစီးပွား၊ အစားအသောက်နှင့်အဖျော်ယမကာ၊ တီထွင်ဖန်တီးမှုလုပ်ငန်းများ၊ E-commerce၊ ပေါ်ထွန်းစ ပို့ကုန် တင်ပို့သူ၊ နိုင်ငံတကာပညာရေးနှင့်လေ့ကျင့်ရေး၊ နိုင်ငံတကာကျန်းမာရေး၊ ထုတ်လုပ်မှုနှင့် အဆင့်မြင့်ကုန်ကြမ်းများ၊ ဓါတ်သတ္ထု၊ စွမ်းအင်နှင့်ဆက်စပ်ဝန်ဆောင်မှုများ၊ ကျွမ်းကျင်ပညာရှင်ဝန်ဆောင်မှု၊ ဒေသတွင်း ပို့ကုန်တင်ပို့သူ၊ လုပ်ငန်းငယ်နှင့် ရေရှည်တည်တံ့မှုတို့ဖြစ်ကြောင်း၊ နှစ်စဉ် ဩစတြေးလျ ပို့ကုန်တင်ပို့သူဆုများကို ဩစတြေးလျ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်(Austrade)နှင့် Australian  Chamber of Commerce and Industry(ACCI)မှ ပြည်နယ်များနှင့်နယ်မြေများပူးပေါင်း၍ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ

ဓါတ်မြေဩဇာဈေးနှုန်းများမြင့်တက်နေခြင်း

          တောင်အာဖရိကနိုင်ငံ၌ လွန်ခဲ့သော ၁၂ လအတွင်း ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ရကြောင်း၊ ဓါတုဓါတ်မြေဩဇာမျိုးစုံ အမိုးနီးယား၊ ယူရီးယားနှင့် DAPအမျိုးအစား ဓါတ်မြေဩဇာတို့၏ ဈေးနှုန်းများသည် ၂၀၀%၊ ၁၄၅% နှင့် ၉၀% အသီးသီး မြင့်တက်ခဲ့သည့်အပြင်  ဓါတ်မြေဩဇာထုတ်လုပ်မှုတွင် အသုံးပြုသည့် သဘာဝဂတ်စ်ဈေးနှုန်းသည်လည်း ၁၈၀%အထိ မြင့်တက်ခဲ့ကြောင်း၊ ဓါတ်မြေဩဇာဝယ်လိုအားမြင့်တက်မှုနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်တက်မှုသည် ဓါတ်မြေဩဇာဈေးနှုန်း မြင့်တက်ရသည့်အကြောင်းရင်းများဖြစ်သည့်အပြင် လယ်သမားများအနေဖြင့် ကုန်စည်ဈေးနှုန်းများမြင့်တက်မှုကြောင့် ဝင်ငွေပိုမိုရရှိသည့်အတွက် ဓါတ်မြေဩဇာပိုမိုဝယ်ယူ အသုံးပြုရန်တွန်းအားဖြစ်ခဲ့ကြောင်း၊ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုသည် ဓါတ်မြေဩဇာ ထုတ်လုပ်နေသော စက်ရုံများအား ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုမြင့်တက်စေသဖြင့် ဓါတ်မြေဩဇာလျော့နည်း ထုတ်လုပ်ရန် (သို့) ထုတ်လုပ်မှုကိုရပ်တန့်ရန် အခြေအနေရှိကြောင်း၊  အမေရိကန်နိုင်ငံ၌ တိုက်ခတ်ခဲ့သော ဟာရီကိန်းလေမုန်တိုင်းကြောင့် Louisiana မြို့ရှိ ဓါတ်မြေဩဇာစက်ရုံများ ပိတ်ထားရခြင်း၊ ယူရီးယား ဓါတ်မြေဩဇာ၊ ဆာလရိတ်နှင့် ဖော့စဖိတ် အဓိကထုတ်လုပ်သော တရုတ်နိုင်ငံ၏ မကြာမီက ဓါတ်မြေဩဇာ တင်ပို့မှုအပေါ်  ပိုမိုတင်းကြပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် မူဝါဒချမှတ်ခြင်း၊ မော်ရို့ကိုနှင့် ရုရှားနိုင်ငံအပေါ် ၎င်းတို့အစိုးရ၏ အထောက်အပံ့ဖြင့် ထုတ်လုပ်နေသော ဓါတ်မြေဩဇာအပေါ် တန်ပြန်အခွန် ကောက်ခံခြင်း နှင့် အီးယူက ဘယ်လာရုစ်နိုင်ငံမှ  ပိုတက်ရှ်များတင်သွင်းမှုအား တားမြစ်ခြင်းများသည်  ဓါတ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးခြင်း ဈေးကွက်အပေါ် များစွာထိခိုက်လျှက်ရှိကြောင်း၊ ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ထုတ်လုပ်မှုအကျပ်အတည်းများကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုသည် လာမည့်နှစ်တွင် အခက်အခဲဖြစ်နိုင်ကြောင်း၊ ပြောင်းထုတ်လုပ်နေသော ဘရာဇီးလ်နှင့် ဂျုံထုတ်လုပ်နေသော ပြင်သစ်ရှိ လယ်သမားများသည်လည်း လာမည့်နှစ်စိုက်ပျိုးရာသီတွင်  ဓါတ်မြေဩဇာ လုံလောက်စွာမရရှိနိုင်မည်ကို စိုးရိမ်နေကြောင်း၊ ဗီယက်နမ်နိုင်ငံ အပင်ထုတ်လုပ်ရေးဌာနက လယ်သမားများအား စပါးစိုက်ပျိုးမှုတွင်  ဓါတ်မြေဩဇာအသုံးပြုမှု  ထက်ဝက်လျှော့ချရန် တွန်းအားပေးနေမှုကြောင့် စပါးအထွက်နှုန်းလျော့နည်းကာ သီးနှံဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း၊ လာမည့် ၆ လအတွင်း စက်သုံးဆီနှင့် သဘာဝဂတ်စ် ဈေးနှုန်းများ လျော့ကျမည့် အရိပ်အရောင်မရှိခြင်းတို့ကြောင့် ဓါတ်မြေဩဇာဈေးနှုန်းကျဆင်းရေးသည် ခန့်မှန်းရန်ခက်ခဲနေ သေးကြောင်း၊ ဓါတ်မြေဩဇာဈေးနှုန်း ဆက်လက်မြင့်တက်နေမှုသည် အနာဂတ်စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ရန် တွန်းအားပေးနေမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)