မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့် နှမ်းသီးနှံတို့ကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး နေကြာသီးနှံအား တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်းတွင် (မိုး)နေကြာစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၂၈၉၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၅၂၅)ဧကနှင့် မြစ်သားမြို့နယ်တွင်(၃၆၀)ဧက စိုက်ပျိုးပြီး စုစုပေါင်းစိုက်ဧက (၄၇၇၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။(မိုး)နေကြာစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၂၃၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ နေကြာဈေးနှုန်းအနေဖြင့် ယခုပေါက်ဈေးမှာ နေကြာ တစ်တင်း လျှင်(၄၅၀၀၀/)ကျပ်ဖြစ်ပြီး၊ နေကြာဆီ တစ်ပိဿာလျှင်(၁၆၅၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိပါသည်။ ယခုအချိန်တွင် နေကြာသီးနှံကို တောင်သူများအများဆုံး စိုက်ပျိုးလာကြကြောင်း၊ သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေတိုးသည့်အပြင် စားသုံးဆီဖူလုံမှုရရှိသဖြင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)