မိုးတွင်းကာလတွင်သီးနှံများဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ အညာဒေသထွက် ပဲမြစ်ညွန့်များ ထွက်ပေါ်လျက်ရှိပါသည်။ ပဲမြစ်ညွန့်ကိုအသုပ် သုပ်၍စားသုံးကြသလို၊ အတို့အမြုပ် အဖြစ်နဲ့လည်းစားသုံးကြပါသည်။ အညာဒေသတွင် ပဲမြစ်ညွန့်ကို ကြော်၍လည်း စားသုံးကြပါသည်။ ပဲမြစ်ညွန့်အရသာသည် ချို၍အရသာရှိသာကြောင့် ခံတွင်းမြိန်စေပြီး စားကောင်းသဖြင့် စားသုံးသူများ ကြိုက်နှစ်သက်ကြပါသည်။ပဲမြစ်စိုက်ပျိုးသော တောင်သူကြီးများမှာ ပဲမြစ်အပင်မှ တစ်ပင်လုံးအသုံးဝင်သဖြင့် စိုက်ပျိုးမှုများလာကြောင်း၊ ပဲမြစ်အပင်မှ ပဲမြစ်ညွန့်၊ ပဲမြစ်သားသီး (ခ) ပဲစောင်းခါးသီးများကိုလည်း ခူးဆွတ်၍ရောင်းချရသဖြင့် မီးဖိုချောင်စရိတ်များ ကာမိကြောင်း၊ ပဲမြစ်ညွန့်ကိုအခင်းထဲအရောက် လာဝယ်ယူပါက တစ်စည်း (၂၀၀-၃၀၀)ကျပ်ဖြင့်သာ ရောင်းချပေးကြောင်း၊ ပဲမြစ်ညွန့်များကို ဈေးထဲတွင် တစ်စည်းလျှင် (၃၀၀-၅၀၀)ကျပ်အထိ အစည်းအရွယ်အစားအလိုက် ရောင်းချလျက်ရှိပါကြောင်း၊ တစ်ဧကပဲမြစ်ညွန့်ရောင်းရငွေ (၂၅၀၀၀-၃၀၀၀၀/)ကျပ် အထိရရှိကြောင်း၊ အသီးပေါ်ချိန်နှင့် ပဲမြစ်ပေါ်ချိန်များတွင်လည်း ဈေးကောင်းရရှိပါက ပဲမြစ်စိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ပဲမြစ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)