စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဌာနက မည်သည့်စာရွက်စာတမ်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခကုန်ကျစရိတ်တို့ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ဆီစက်လုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ ပဲခွဲစက်လုပ်ငန်းရှင်၊ လက္ဘက်လုပ်ငန်းရှင်၊ ခေါက်ဆွဲစက်လုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ဆေးဆိုင်လုပ်ငန်းရှင်၊ ဂစ်တာလုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၂၇)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)