မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်း မြို့နယ်(၁၀)မြို့နယ်ရှိ မြို့နယ်အားလုံး၌ ကျွဲကောသီးခြံစိုက်ပျိုးကြသည်။ ၎င်းတို့အနက် အများဆုံးထွက်ရှိသောမြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ မုဒုံ၊ ရေး၊ ခေါစာမြို့နယ်တို့ဖြစ်ပါသည်။ ကျွဲကောသီး(အဖြူရောင်)နှင့် ကျွဲကောသီး(ပန်းရောင်)ဟူ၍(၂)မျိုးရှိသည်။ ကျွဲကောသီးသည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့၌ လှိုင်လှိုင်ပေါပြီး အသီးထွက်ကောင်းသောအချိန်ဖြစ်၍ ၎င်းကိုခူးဆွတ်ရောင်းချကြသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးတို့မှာ အထွက်နှုန်းနှင့် ရောင်းအားကောင်းပြီး စားသုံးသူတို့လည်းအကြိုက်တွေ့၍ ပိုမိုစားသုံးကြသည်။ မွန်ပြည်နယ်အတွင်း ကျွဲကောသီးအရောင်းနေရာများတွင် မော်လမြိုင်မြို့၊ မော်မော်သစ်သီးဆိုင်နှင့် စိန်သုံးလုံးသစ်သီးဆိုင်တို့၌ အရွယ်အစားအလိုက် ရွေးချယ်ဝယ်ယူနိုင်သည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးသည် နာမည်ကြီးသည်။ ကျွဲကောသီးကို ခူးဆွတ်ပြီး နောက်ထပ် ၂၀ရက်နေ့မှ ၂၅ရက်နေ့အတွင်း ထားရှိနိုင်သည်။
ကျွဲကောသီးစိုက်ဧကနှင့်ထွက်ရှိမှု
စိုက်ပျိုးမှုအပေါ်လည်း ခြံရှင်များအနေဖြင့် ကျေနပ်ဖွယ်အထွက်နှုန်းများလည်းရရှိပါသည်။ ဈေးကွက်ချဲ့ထွင်မှုအားကောင်းလာသည်နှင့်အမျှ ကျွဲကောပင်စိုက်ခြံပိုင်ရှင်၊ ဥယျာဉ်ပိုင်ရှင်များအတွက် တွက်ခြေကိုက်သည်။ မွန်ပြည်နယ်အတွင်း ကျွဲကောသီးစိုက်ပျိုးဧကနှင့် အထွက်နှုန်းရရှိခြင်းကို ဘဏ္ဍာနှစ်အလိုက် ဖော်ပြလိုက်ပါသည်-
စဉ် |
ခုနှစ် |
စိုက်ဧက |
ရိတ်ဧက |
နှုန်း |
အထွက် |
၁ |
၂၀၂၀-၂၀၂၁ |
၂၈၃၁ |
၁၉၉၆ |
၅၆၄၀.၀၃ |
၁၁၂၅၇၄၉၅ |
၂ |
၂၀၂၁-၂၀၂၂ |
၂၈၂၂ |
၂၀၈၉ |
၅၃၇၈.၄၃ |
၁၁၂၃၅၅၄၃ |
၃ |
၂၀၂၂-၂၀၂၃ |
၃၂၂၈ |
၂၁၆၇ |
၅၅၇၈.၇၆ |
၁၂၀၈၉၁၇၃ |
ကျွဲကောသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ
ကျွဲကောသီး (အဖြူရောင်) ဆိုလျှင် အသီး၏အရွယ်အစားအသေး/ အကြီးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်။ ၎င်းမှာ အသေးတစ်လုံးလျှင် ကျပ်(၅၀၀)မှ ကျပ်(၁၀၀၀) အတွင်း၊ အလတ်တစ်လုံးလျှင် ကျပ်( ၁၅၀၀)မှ ကျပ်(၂၅၀၀)အတွင်း၊ အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်မှ (၄၅၀၀)ကျပ်အတွင်းရှိသည်။ လတ်တလောတွင် မော်လမြိုင်ထွက် ကျွဲကောသီးများအားလုံးမှာ ဈေးမြင့်တက်နေပြီး ယခင်နှစ်တွင် ၁၅၀၀ကျပ်သာရှိခဲ့သော ကျွဲကောသီးမှာလည်း တစ်လုံးလျှင် ၃၀၀၀ကျပ်ခန့်ပေါက်ဈေးရှိနေကြောင်းကိုလည်း ကျွဲကောခြံပိုင်ရှင်များထံမှသိရသည်။ မွန်ပြည်နယ်၊ မော်လမြိုင်ထွက် ကျွဲကောသီးဈေးမှာ ယခင်နှစ်ထက် နှစ်ဆနီးပါးဈေးမြင့်တက်လျက်ရှိကြောင်း မော်လမြိုင်မြို့၊ အခြေစိုက်ကျွဲကောသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။
ယခင်နှစ်များတွင် ကျွဲကောသီးအလုံးကြီး အလုံးသန့်တစ်လုံးလျှင် ရောင်းဈေး ၂၀၀၀ကျပ်သာရှိခဲ့ရာမှ ယခုနှစ်တွင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ခန့်ထိရှိနေကြောင်း မော်လမြိုင်မြို့၊ ရခိုင်ကုန်းရပ်ကွက်မှ ကျွဲကောခြံပိုင်ရှင် ဒေါ်ရှီးထံမှသိရပါသည်။ ကျွဲကောသီးသည် အရမ်းပူသောရာသီဥတုကြောင့် အသီးထွက်သည့်အခါ၌ ပိုးကျကာ အားလုံးပုပ်ကုန်ကြောင်း၊ အပူရှိန်လွန်ကဲခြင်းနှင့် အသီးအများအပြားထွက်သောအချိန်တွင် ပိုးများကျရောက်ခြင်းကြောင့်လည်း အသီးဈေးနှုန်းမြင့်လာကြောင်း မော်မော်သစ်သီးရောင်းဝယ်ရေးဆိုင်မှသိရှိရပါသည်။
မွန်ပြည်နယ်မှထွက်ရှိသော ကျွဲကောသီးများကို ဒေသတွင်းစားသုံးမှုအပြင် အမြို့မြို့အနယ်နယ်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ရန်ကုန်နှင့်မန္တလေးမြို့များသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။
ကျွဲကောသီး၏ အာဟာရ
မွန်ပြည်နယ်ထွက် ကျွဲကောသီး(အဖြူရောင်)သည် ချိုချဉ်အရသာ၊ ကျွဲကောသီး (ပန်းရောင်)သည် ကျွဲကောသီး(အဖြူရောင်)ထက် အသားပိုမိုနူးညံ့ကာ အချိုဓာတ်ပိုကဲသည်။ ကျွဲကောသီးကိုစားသုံးရာတွင် သူ့ချည်းအစိပ်လိုက်အခွံနွှာ၍ စားကြသည့်အပြင် ဖျော်ရည်အဖြစ်လည်းဖျော်သောက်ကြပါသည်။ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အရွယ်အစားအကြီးမားဆုံးအမျိုးအစားဖြစ်သည်။ အချဉ်ဓာတ်ကဲသောကျွဲကောသီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန့်၊ ဆားအနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့နှင့်ရောစပ်၍ စားကြသည်။ ကျွဲကောသီးတွင်ပါဝင်သည့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီအလွန်ကြွယ်ဝသောကြောင့် ဝမ်းမှန်သည်၊ ဖျားနာမှုမှကာကွယ်ရန် အထောက်အကူပြု၍ သက်သာစေသောဓာတ်စာအာဟာရဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မွန်)