မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် (၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူအုပ်စု၊ လဲလူကျေးရွာ၊ ကွင်းအမှတ်-၁၄၉၄၊ ဦးပိုင်အမှတ်-အမှတ် ၂၀၈၊ တောင်သူ ဦးသန်းထွန်းအောင်၏ (ဧရာမင်း) (F1)မျိုးစေ့ထုတ်စံပြကွက်၌ပြုလုပ်သည့် မြေဩဇာကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်ကာတောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သီးနှံအထွက်တိုးရရှိရန်အတွက် စိုက်နည်းစနစ်မှန်ကန်ရန်နှင့် တန်းခြားစိုက်ပျိုးခြင်း၊ မျိုးပွားခြင်း စသည့်စိုက်ပျိုးရေးနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးက မိုးစပါးစိုက်ပျိုးမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများက မိုးစပါးစိုက်ပျိုးရာတွင် ၎င်းတို့၏လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။
DOCA(မကွေး)