Main menu

ကရင်ပြည်နယ် ဒေသစာ ကတက်မုန့်

Powered by Drupal

   ယခုလို မိုးဖြိုင်ဖြိုင်ရွာပြီး စိုစွတ်သောရာသီတွင် ထွက်‌ပေါ်လာသည့် ရာသီစာ ကတက်ဥကို လူတိုင်း မြင်ဖူး၊ စာဖူးကြလိမ့်မည်ဖြစ်သည်။ ကတက်ဥကို ကရင်ပြည်နယ်တွင် အရည်သောက်ဟင်းအဖြစ်ချက် စားကြသလို ဒေသစာ ကတက်မုန့်အဖြစ်လည်း လုပ်စားကြသည်။

   ကရင်ပြည်နယ်၏ ဒေသစာ ကတက်ဥကို မုန့်ပြုလုပ်ရာတွင် ဆန်ထောင်း၊ အုန်းသီး၊ ထန်းလျက်၊ ဆားအနည်းငယ်၊ နွယ်တန်းရွက်နှင့် ပေါင်းအိုး(၁)လုံး လိုအပ်ပါသည်။ ထန်းလျက်ကို လိုအပ်သလောက် မပျစ်မကျဲ အရည်ကျိုထားရပါသည်။

   ကတက်မုန့်ပြုလုပ်ပုံ အဆင့်ဆင့်မှာ ရေစိမ်ထားသောဆန်ကို သစ်သားဆုံမှာထည့်ပြီး ကြေလုနီးနီး ဆန်ကွဲဖြစ်သွားသည်အထိ မောင်းထောင်းတံဖြင့် ထောင်းပြီး ဆန်မုန့်တွေကို ဇလုံထဲမှာ ထည့်ထားရပါမည်။ ကတက်ဥကို အမွှေးအမျှင် ဖယ်ရှားပြီး ဓားနဲ့မွှန်း၍ ကြေနေအောင် တောက်တောက်စင်းပြီး ကြေသွားတဲ့ ကတက်ဥ ချွဲချွဲလေးတွေကို ထောင်းထားသော ဆန်မှုန့်ဇလုံထဲထည့်ပြီး အရည်ကျိုထားသော ထန်းလျက် ထည့်၊ ဆား အနည်းငယ်ဖြင့် သမအောင်နယ်ပေးရပါမည်။ ထို့နောက် မုန့်သားကို (၁)ကြိမ်နယ်ပြီးပါက ခပ်ပါးပါးခြစ်ထားတဲ့ အုန်းသီးဖတ်လေးများထည့်ပြီး နောက်ထပ် တစ်ခါနယ်ပေးရပါမည်။ အားလုံးသမပြီ ဆိုပါက ခွက်ကတော့လုပ်ထားတဲ့ သစ်ရွက်ခွက်လေးထဲ နီညိုချွဲပျစ်နေတဲ့ နယ်ပြီးသားမုန့်ဖတ်ကို မပြည့်တပြည့်လေးထည့်ရပါမည်။ သစ်ရွက်ဖက် (သို့မဟုတ်) နွယ်တန်းရွက်ကို ခေါက်ပိတ်၍ နှီးပြား လေးနဲ့ ခိုင်အောင်ထုပ်ထားပြီး အသင့်တည်ထားတဲ့ ပေါင်းအိုးထဲသို့ ထည့်ပေါင်းရပါမည်။ နွယ်တန်းရွက်သည် အနံ့သင်းသင်းလေးရှိနေပြီး မုန့်လုပ်စားရာမှာ အရသာနဲ့လိုက်ဖက်လှပါသည်။ ထို့နောက် အဖုံးအုပ်ကာ မိနစ် (၂၀)ကြာပေါင်းပြီး မုန့်ပေါင်းအိုးကို ဖွင့်လိုက်တဲ့အခါ ခပ်ပွပွဖောင်းဖောင်းနဲ့ ကျက်နေပြီဖြစ်တဲ့ ကတက်မုန့် ပူပူနွေးနွေးကို ရရှိမှာဖြစ်ပါသည်။ အုန်းသီးမထည့်ဘဲ ပေါင်းပြီး မုန့်ကျက်သွားတဲ့ခါမှသာ ခြစ်ထားပြီးသား အုန်းသီးလေးများကို ဖြူးပြီးစားလို့လည်း ရပါသေးသည်။

   ကျက်အောင်ပေါင်းပြီးရလာတဲ့ အုန်းသီးနဲ့ ထန်းလျက်တို့ရဲ့ မွေးပျံ့နေတဲ့ ပူပူနွေးနွေး ကျက်ပြီးခါစ ကတက်မုန့်လေးများကို လက်ဖက်ရည်၊ကော်ဖီ၊ရေနွေးကြမ်းတို့ဖြင့် တွဲဖက်စားသုံးကြတဲ့ ကရင်ပြည်နယ် ရဲ့ မိုးရာသီဒေသစာမုန့်အဖြစ် ရရှိပြီးဖြစ်ပါမည်။ ကရင်ပြည်နယ် ဒေသစာ ကတက်မုန့်ကို ဘားအံမြို့ပေါ်ရှိ ဈေးများတွင် တစ်ခုလျှင် ၅၀၀/- ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။

DOCA(ကရင်)