Main menu

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ

ပြည်ပမှသွင်းကုန်ပစ္စည်းများတင်သွင်းမှုပိုမိုများပြားလာခြင်း

      တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်း(၂၀) ကြာမြင့်ပြီးနောက် ကွမ်တုန်းပြည်နယ်၏ နှစ်စဉ် သွင်းကုန်တိုးတက်မှုနှုန်းမှာ (၇.၅%) ရှိကြောင်း၊ ကွမ်တုန်းအကောက်ခွန်ဌာန၏စာရင်းများအရ ယမန်နှစ်က ပြည်နယ်အတွင်း တင်သွင်းခဲ့သည့်သွင်းကုန် တန်ဖိုးမှာ ယွမ်ငွေ(၂.၇၄)ထရီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၂၈.၁၃)ဘီလီယံရှိခဲ့ကာ ၂၀၀၁ ခုနှစ်က ပမာဏဖြစ်သည့် ယွမ်ငွေ(၆၇၁.၆၃)ဘီလီယံမှ အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း၊ ကွမ်တုန်းပြည်နယ်မှာ ကမ္ဘာပေါ်ရှိအဓိကထုတ်လုပ်မှုနေရာများအနက်တစ်ခုဖြစ်ပြီး ယမန်နှစ်အတွင်းစုစုပေါင်း ပို့ကုန်/သွင်းကုန်တန်ဖိုး ယွမ်ငွေ(၇.၀၉)ထရီလီယံရှိခဲ့ရာ တရုတ်နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားကုန် သွယ်မှုပြုနေသည့်ပြည်နယ်အဖြစ် အင်အားကောင်းလာကြောင်း၊ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ဆယ်စုနှစ်(၂)ခုအကြာတွင် ကွမ်တုန်းပြည်နယ်သည်ကမ္ဘာတစ်ဝှမ်းမှ မိတ်ဖက်များနှင့်ကုန်သွယ်ဆက်ဆံ‌ရေးများထူထောင်ထားပြီးဖြစ်ကာ ၎င်း၏ကမ္ဘာ့ဈေးကွက်အတွက် ကုန်စည်အမျိုးမျိုးကိုထုတ်ပေးလျှက်ရှိပြီး ကုန်သွယ်ဆက်ဆံမှုရှိသောနိုင်ငံနှင့်ဒေသပေါင်း(၂၃၀)ကျော် ရှိကြောင်း၊ ယခုနှစ်တွင် ကွမ်တုန်းပြည်နယ်အတွင်း နိုင်ငံခြားကုန်သွယ်မှုပြုနေသည့်ကုမ္ပဏီပေါင်း တစ်သိန်းကျော်ရှိလာကာ ၂၀၀၁ခုနှစ်ကထက် လေးဆခန့်တိုးတက်လာခြင်းဖြစ်ကြောင်း၊လွန်ခဲ့သည့် နှစ်(၂၀)အတွင်း စက်ပစ္စည်းနှင့်လျှပ်စစ်ပစ္စည်းများ၏ ပို့ကုန်သွင်းကုန်ပမာဏမှာ နှစ်စဉ်(၁၁.၂%)တိုး တက်ခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံ

ဈေးကွက်ဝင်ခွင့်ကန့်သတ်ချက်များထားရှိနေသောဩစတြေးလျနိုင်ငံ

       ဩစတြေးလျနိုင်ငံသည် လယ်ယာထွက်ကုန်များတင်သွင်းမှုအတွက် များစွာတင်းကျပ်သောနိုင်ငံဖြစ်ပြီး မြင့်မားတင်းကျပ်သော Sanitary & Phytosanitary စီမံဆောင်ရွက်ချက်များ၊ Technical Regulation ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ဇီဝလုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ချက်များကြောင့် အစားအသောက်တင်သွင်းမှုများအတွက် ကန့်သတ်ချက်များစွာရှိရာ ဈေးကွက်ဝင်အခွင့်အလမ်းရရှိရန်ခက်ခဲသော နိုင်ငံဖြစ်ကြောင်း၊ထို့အပြင် အကောက်ခွန်မဟုတ်သောစီမံ‌ဆောင်ရွက်ချက်များ(Non-Tariff Measures- NTMs)ကို နိုင်ငံ၏လိုအပ်ချက်နှင့်အညီ တစ်ပြေးညီချမှတ်ကျင့်သုံးနိုင်ခြင်းဖြင့် ဈေးကွက်ဝင်ခွင့်အား  တတ်နိုင်သမျှအကာအကွယ်ပြုထားသည်ကိုတေွ့ရကြောင်း၊တင်သွင်းလာသည့်အစားအသောက်များကိုစိုက်ပျိုး၊မွေးမြူရေး၊ရေနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကကြီးကြပ်၍ ကုန်တင်သွင်းနိုင်ငံများမှ တင်သွင်းမှုဆိုင်ရာလိုအပ်ချက်နှင့်မကိုက်ညီသော စိုက်ပျိုး၊မွေးမြူရေးထုတ်ကုန်နှင့် အစားအသောက် တင်သွင်းကုန်စည်များကို တင်သွင်းအစားအသောက်ထိန်းချုပ်မှုဥပဒေ ၁၉၉၂ အရ Failed Food Notification ကို Risk Food Test Results နှင့် Surveillance Food Test Results ဟူ၍ လစဉ် ထုတ်ပြန်လေ့ရှိကြောင်း၊အဆိုပါသတိပေးကြေငြာချက်တွင်ပါဝင်သောတင်သွင်းမှုများမှာ  ခွဲခြမ်းစိတ် ဖြာစမ်းသပ်မှု မအောင်မြင်သောအစားအစာများ (သို့)ဖြည့်စွက်ပစ္စည်းများ (သို့)ပါဝင်ပစ္စည်းများပါဝင် ခြင်းတို့ကြောင့်ဖြစ်ပြီး တားမြစ်ထား‌သောအပင်(သို့) မှိုဖြစ်နိုင်သောကြောင့် အစားအသောက်များကို တင်သွင်းခွင့်မပြုခြင်းတို့ဖြစ်သော်လည်း အညွှန်းတံဆိပ်လိုအပ်ချက်နှင့် မကိုက်ညီသည့်ကိစ္စရပ်များ မှာ Failed Food Notification တွင် အကျုံးမဝင်ကြောင်း၊ မြန်မာနိုင်ငံမှ ဩစတြေးလျနိုင်ငံသို့  လက်ရှိတင်ပို့နေသည့်ကုန်စည်များအနက် ငရုတ်သီးခြောက်၊ငါးနီတူခြောက်၊ကွမ်းသီး၊ပဲ၊ ဂဏန်းပျော့ စသည့်ကုန်စည်များမှာ ဇီဝလုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ချက်များ (Biosecurity Measures) နှင့် ကိုက်ညီမှုမရှိသည့်အတွက် စိုက်ပျိုး၊မွေးမြူရေး၊ရေနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်သည့် Failed Food  Notification တွင် တင်သွင်းကုန်စည်နှင့် တင်သွင်းသူဆိုင်ရာ အချက်အလက်များကိုဖော်ပြထုတ်ပြန်ခံရသည်ဖြစ်ရာ ဈေးကွက်ဝင်ခွင့်တွင် အခက်အခဲများ ကြုံတွေ့ရလျှက်ရှိ ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ကင်ဘာရာမြို့စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ

အခက်အခဲများဖြေလျှော့ပေးခြင်းဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်စေခြင်း

      တောင်အာဖရိကနိုင်ငံသည် စီးပွားရေးရေရှည်တိုးချဲ့နိုင်ရေးအတွက်အခြေခံဖြစ်ပြီးရင်းနှီးမြှုပ် နှံမှုကိုဆွဲဆောင်၍ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီး‌ပေးနိုင်ရန် အလားအလာရှိသည့် မဟာ ဗျူဟာမြောက်စီမံကိန်း(၅၀)ကျော်ရှိနေသည်ကို ဖော်ထုတ်ရရှိကြောင်း၊အဆိုပါစီမံကိန်းများတွင် ပါဝင် သည့်လုပ်ငန်းများမှာ လူမှုနေထိုင်မှု၊ ရေရရှိမှုနှင့်သန့်စင်မှု၊ စိုက်ပျိုးရေးထွက်ကုန် ပြင်ဆင်ထုတ်လုပ် ခြင်း၊ စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်နှင့် စွမ်းအင်လုပ်ငန်းများဖြစ်ပြီး အဆိုပါစီမံကိန်းများအား အကောင် အထည်ဖော်ခြင်းဖြင့် အလုပ်အကိုင်(၃)သိန်းခန့်ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် အစိုးရက လာမည့် (၃)နှစ်အတွင်း ပုဂ္ဂလိကမှ ကတိကဝတ်ပြုမှုနှင့်အတူ ရန်း(၇၉၁.၂)ဘီလီယံအထိ အသုံးပြု၍ စီးပွား ရေးကို ပြန်လည်ကောင်းမွန်အောင် ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော် နိုင်ရန် အစိုးရအနေဖြင့် အခြေခံအဆောက်အအုံလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေ သောစည်းမျဉ်းများကိုဖြေလျှော့ပေးခြင်း၊ နည်းပညာကျွမ်းကျင်မှုလိုအပ်ချက်များဖြည့်ဆည်းပေးခြင်း နှင့် အခြေခံအဆောက်အအုံလုပ်ငန်းများဆောင်ရွက်ရန်အတွက် ငွေကြေးလိုအပ်ချက်များကို ပံ့ပိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နှစ်ပေါင်းများစွာ အခြေခံအဆောက်အအုံများအတွက် ငွေ ကြေးရန်ပုံငွေ သတ်မှတ်ပေးခြင်းများရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်ပေးမှု အားနည်း နေသေးကြောင်း၊ လွဲမှားသည့်ရန်ပုံငွေစီမံခန့်ခွဲမှုကြောင့် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုအတွက်  ပုံသေ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးအချိုး၌ မြင့်မားစွာပါဝင်မှုမရှိကြောင်း၊ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက်ဖြစ်စေသည့်အချက်တစ်ချက်မှာ ဆိုးရွားသည့် ကိုဗစ်ရောဂါဖြစ်ပွားမှုဖြစ်ကြောင်း၊၂၀၁၈ ခုနှစ်၌ သမ္မတက စီးပွားရေး ပြန်လည်နလန်ထူလာနိုင်ရေး ကြိုးပမ်းမှုအစိတ်အပိုင်းအနေဖြင့် လူမှုအခြေခံအဆောက်အအုံများ၌ရင်းနှီးမြှုပ်နှံရန် အခြေခံအဆောက် အအုံရန်ပုံငွေကိုကြေငြာပေးခဲ့ကြောင်း၊ လာမည့် ၁၀ နှစ်အတွင်းအသုံးပြုနိုင်ရန် တောင်အာဖရိကနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဘဏ်၌ ရန်း ၁၀၀ ဘီလီယံကိုရန်ပုံငွေအဖြစ် ထားရှိပေးထားပြီး ၎င်းရန်ပုံငွေမှ လာ မည့်နှစ် စီမံကိန်းများအတွက် ရန်း ၈၅ ဘီလီယံကိုအတည်ပြုပေးထားကြောင်း၊ ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်၍ဖြေရှင်းရမည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ် များသည် မူဝါဒများတည်ငြိမ်‌စေရေး၊ စွမ်းအင်ကဏ္ဍ၌ ကြုံတွေ့နေရသောပြဿနာများကိုဖြေရှင်းရန်၊ အလုပ်လက်မဲ့မြင့်မားမှုကြောင့် အခွန်ဘဏ္ဍာငွေ လျော့နည်းရရှိနေခြင်းနှင့် အခြေခံအဆောက်အအုံ၌ ရင်းနှီးမြှုပ်နှံမှုရပ်တံ့နေမှုအား ကူညီဆောင်ရွက်ပေး‌ရေးတို့ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)