Main menu

မွန်ပြည်နယ်၌ သံပရာသီးဈေးနှုန်း အနည်းငယ်မြင့်တက်လာခြင်း

Powered by Drupal

          သံပရာသီးပင်သည် တစ်ဆယ့်နှစ်ရာသီပတ်လုံး အသီးမပြတ်ဆိုသော်လည်း ဇွန်လမှ အောက်တိုဘာလအထိ အသီးအများဆုံးသီးချိန်ဖြစ်သည်။ မွန်ပြည်နယ်တွင် သံပရာသီး၏ မိုးရာသီချိန်အတွင်း ဈေးနှုန်းအခြေအနေမှာ တစ်လုံးလျှင် အသေး ၅၀ ကျပ် မှ အကြီး ၇၀ကျပ်သာရှိခဲ့ပါသည်။ သို့သော် ၂၀၂၃ အောက်တိုဘာလ ဒုတိယအပတ်မှစ၍ သံပရာသီးတစ်လုံးလျှင် အသေး ၁၀၀ ကျပ်နှင့် အကြီး ၁၅၀ ကျပ်ထိဈေးနှုန်းမြင့်တက် လာခဲ့ကြောင်း၊ သံပရာသီးဈေးနှုန်းမြင့်တက်မှုသည် မိုးရာသီကုန်ဆုံးခါနီး အသီးထွက်နှုန်း နည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

           မွန်ပြည်နယ်အနေဖြင့် သံပရာပင် စိုက်ဧက ၆၁၈၄ ဧက၊ ရိတ်ဧက ၅၉၈၂၊ နှုန်း ၃၈၇၃၆.၁၆ ဖြင့် စုစုပေါင်း အထွက် ၂၃,၁၇၁,၉၇၁၀ ရှိပါသည်။  မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့တို့၌ စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသည့်မြို့နယ်များမှာ ကျိုက်ထိုနှင့် ရေးမြို့နယ်တို့ ဖြစ်၍ စိုက်ပျိုးဧက အများဆုံးနှင့်အထွက်နှုန်းအများဆုံးမြို့နယ်များ ဖြစ်ပါသည်။

           မွန်ပြည်နယ်တွင် သံပရာသီးကို ဒေသတွင်းအသုံးပြုရန် လုံလောက်အောင် ပိုမို စိုက်ပျိုးလာကြသည်။ မွန်ပြည်နယ်နှင့် နီးကပ်လျက်ရှိသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ဘက်မှ  မော်လမြိုင်သို့  သံပရာသီး အဝင်ရှိခဲ့သည်။  မွန်ပြည်နယ်မှ စားသုံးသူများအနေဖြင့် သံပရာသီးကို အမျိုးမျိုးပြုလုပ် စားသုံးကြရာ သံပရာသီးသနပ်၊ သံပရာသီးယို၊ အချဉ်ပေါင်းနှင့် စားသောက်ဖွယ်ရာတွင် အနံ့အရသာဖြည့်စွက်ရန်နှင့် ကြာရှည်ခံစားသောက်နိုင်ရန်ပြုလုပ်ထားသည်။

          သံပရာသီး၏အကျိုးအာနိသင်မှာ ခေါင်းမူးသည့်အခါ သံပရာရေကို ဖျော်သောက်ခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းစေနိုင်စွမ်းရှိပါသည်။ ထို့အပြင်ဗီတာမင်စီ၊ အမျှင်ဓါတ်နှင့် ကယ်လ်စီမယ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်များ ကြွယ်ဝစွာပါရှိသည့်အပြင်အခွံမှာလည်း ပိုလီမီနော်လ် (Polyphenol)၊ တာပန်း(terpene)၊ ဖိုင်တိုကယ်မီကယ်လ်ဓါတ် (phytochemical) တွေလည်း ပါဝင်ကြောင်း သိရှိရပါသည်။

DOCA(မွန်)