စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၂-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ခရိုင်စီမံအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ယခင်ဖွဲ့စည်းထားသော ခရိုင်ဆီလုပ်ငန်းရှင်အသင်းအဖွဲ့မှာ ကျန်းမာရေးမကောင်းသဖြင့် နှုတ်ထွက်သွားသူများနှင့် ယခင်ခရိုင်ဥက္ကဋ္ဌမှာလည်း သေဆုံးသွားခြင်း၊ အသင်းဝင်တချို့မှာလည်း မြို့ပေါ်တွင်မရှိခြင်းတို့ကြောင့် ခရိုင်အသင်းတို့ကိုပြန်လည်ဖွဲ့စည်းရန်လိုကြောင်း၊ ယခုတက်ရောက်လာသော ဆီလုပ်ငန်းရှင်များအနေဖြင့် ခိုင်မာသောဆီလုပ်ငန်းရှင်များအသင်းပြန်လည်ဖွဲ့စည်းရာတွင် အမှန်တကယ်ဦးဆောင်ဦးရွက်ပြုလုပ်နိုင်မည့် ဆီကုန်သည်များကိုရွေးထုတ်၍ ခိုင်မာအားကောင်းသော ဆီလုပ်ငန်းရှင်များအသင်းတစ်ခုဖြစ်ပေါ်စေရန် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရားဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးက အသင်းအဖွဲ့များ အားကောင်းလာစေရန်အတွက် စနစ်တကျရွေးချယ်ဖွဲ့စည်းလိုကြောင်း၊ မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံများဖြစ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်သည်ထက် အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်ပါကြောင်းပြောကြားခဲ့ပြီး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကို ယာယီပြန်လည်ဖွဲ့စည်းနိုင်ရေး တက်ရောက်လာသည့် ဆီလုပ်ငန်းရှင်များက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)