Main menu

မြန်မာတို့ကြိုက်နှစ်သက်သည့် စားတော်ပဲပြုတ်

Powered by Drupal

   မြန်မာတို့၏ နံနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည်တစ်မျိုးဖြစ်သည်။ ပဲပြုတ်ပူပူလေးဆိုသည့်အသံကို နံနက်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင် ကြားနေရပါသည်။ ပဲပြုတ်ကို ထမင်းပူပူနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့်ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူဝယ်ယူနိုင်သော်လည်း အရသကောင်းမွန်သည့်ပဲပြုတ်ကိုမူ လွယ်လွယ်ကူကူနှင့်မရပါ။ နှစ်ရက်ခန့် အချိန်ပေးရပါသည်။

   ပဲပြုတ်ကို စားတော်ပဲဖြင့်ပြုလုပ်ပါသည်။ စားတော်ပဲကို ရေထဲသို့လက်နှစ်ကြည့်လျှင် လက်အပူခံနိုင်သည့် ရေနွေးနွေဖြင့် ၃နာရီအကြာစိမ်ရပါမည်။ ထို့နောက် စကာဖြင့်ရေစစ်ပြီး နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းပေးရပါသည်။ နောက်တစ်နေ့ရောက်လျှင် ပဲအညှောင့်ပေါက်လာမှသာ ပြုတ်ကြပါသည်။ ပြုတ်သည့်အခါတွင် ပဲနှင့်ရေကို အတိဖြစ်အောင်ထည့်ရပါသည်။ ရေခမ်းသွားလျှင် ထမင်းအိုးနှပ်သည့်အတိုင်း မီးအေးအေးဖြင့် ရေခမ်းအငွေ့ထွက်အောင် ထားရပါသည်။ တချို့က ရေခမ်းလာလျှင် စကာနှင့်စစ်ပြီး ရေနွေးငွေ့ဖြင့်ပေါင်းသဖြင့် ပဲပေါင်းဟု ခေါ်ကြသူများလည်းရှိပါသည်။

      စားတော်ပဲကို ယခင်တွင် ပိဿာ ၃၀ဝင် တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ဖြင့် ဝယ်ယူရစဉ်က ပဲပြုတ်တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုအခါတွင် စားတော်ပဲ ပိဿာ ၃၀ဝင် တစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်ပေးရသဖြင့် ပဲပြုတ် ၁၀ကျပ်သားလျှင် ၆၀၀ကျပ်ဖြင့် ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)