Main menu

ကသာမြို့မှဆောင်းပုရစ်များ မြို့နယ်အသီးသီးသို့ တင်ပို့လျက်ရှိ

Powered by Drupal

          ကသာမြို့တွင် အောက်တိုဘာလမှစ၍ ဆောင်းပုရစ်များ စတင်ပေါ်ပေါက်လာပြီဖြစ်သည့် အတွက် ကသာမြို့၊ ဧရာဝတီမြစ်ကမ်းဘေးမှ မြေနုကျွန်းများရှိသော မိုးတားကြီးကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာနေပြည်သူများအနေဖြင့် ဆောင်းပုရစ်များအား ကသာမြို့ရှိ ဒေါ်ဇာဇာ ပုရစ်အဝယ်ဒိုင်ထံသို့ အများအပြား လာရောက်ရောင်းချလျက်ရှိပြီး ဈေးများတွင်လည်း ခင်းကျင်းရောင်းချနေကြသည်ကို တွေ့ရပါသည်။

          “ဆောင်းပုရစ်တွေကနှစ်စဉ် အောက်တိုဘာလ၊ နိုဝင်ဘာလဆိုပေါ်ပါတယ်။ ဒီနေ့ပုရစ်အဝယ် ဒိုင်ကို အကောင်ရေ (၇၀၀၀) လာသွင်းတာပါ။ ဒီမှာက ပုရစ်အကောင်ရေနှင့်ရောင်းပါတယ်။ ရွာဈေး အထီး/အမရောရာ အကောင်ကြီးတစ်ရာ (၇၀၀၀) ကျပ်ရှိပါတယ်။ ကသာပုရစ်အဝယ်ဒိုင်က အကောင်တစ်ရာ (၈၀၀၀) ကျပ်နှင့်သိမ်းပါတယ်။ ဈေးကြီးတွေမှာတော့ ဥပါတဲ့ အမသီးသန့် အကောင်တစ်ရာ (၁၂၀၀၀) ကျပ်နှင့် အထီး/အမရောရာ အကောင်တစ်ရာ (၉၀၀၀) ကျပ်ရောင်း ပါတယ်။ ဒီနေ့ ပုရစ်အကောင် (၇၀၀၀)ကို ၈၀၀၀ကျပ်ဈေးနှင့် ရောင်းရလို့ (၅၆၀၀၀၀) ကျပ်ရပါ တယ်။ ဆောင်းပုရစ်ကို ပလတ်စတစ်မိုးကာဖြင့် မီးထောင်ဖမ်းဆီးကြပါတယ်။ ဒီလိုအချိန်မှာ ကျေးလက်နေ ပြည်သူတွေအနေနဲ့ ပုရစ်ဖမ်းပြီး ကသာပုရစ်အဝယ်ဒိုင်ကို အများအပြားရောင်းချ ကြပါတယ်။ ပုရစ်ပေါ်စဈေးကောင်းလို့ ဝင်ငွေများပိုမိုရရှိပါတယ်”လို့ မိုးတားကြီးကျေးရွာမှ ပုရစ်လာ ရောက် ရောင်းချသူ ဦးသန်းကျော်မှ ဖြေကြားခဲ့ပါသည်။

          ကသာမြို့နယ်ရှိ ကျေးရွာနယ်စုံမှ ဆောင်းပုရစ်များ နေ့စဉ်ဝင်ရောင်လျက်ရှိပြီး ဒိုင်များမှ ပုရစ်ပေါ်စအချိန်ဖြစ်သည့်အတွက် အကောင်တစ်ရာ (၈၀၀၀) ကျပ် ပေးကြောင်းသိသည်။ ၂၀၂၃-ခုနှစ် အောက်တိုဘာလ (၁၆)ရက်မှစပြီး အဝယ်ဒိုင်သို့ အကောင်ရေ ငါးသောင်းကျော်ခန့် ဝင်ရောက် ပြီး အောက်တိုဘာလ (၁၇)ရက်နေ့ နေ့လယ်ပိုင်းထိ အကောင်ရေ ရှစ်သောင်းကျော်ခန့် ဝင်ရောက် လျက်ရှိကြောင်းနှင့် ပုရစ်မှာ ကြာရှည် အထားမခံသောကြောင့် ရေနှင့်ပြုတ် ရေခဲရိုက်၍ သော်လည်းကောင်း၊ သန့်စင်ပြီးသား ပုရစ်များအား အကြွပ်ကြော်ကာ ပလတ်စတစ်အိတ်/ဘူးများဖြင့် ထုပ်ပိုး၍ သော်လည်းကောင်း မြို့နယ်တွင်းနှင့် ရန်ကုန်၊ နေပြည်တော် ၊ မန္တလေး၊ ရွှေဘို၊ မုံရွာ၊ စသည့် ဒေသများသို့ တင်ပို့ ရောင်းချကြကြောင်း ပုရစ်အဝယ်ဒိုင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)