Main menu

ပွင့်ဖြူဒေသထွက် ပိန်းဥဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မုန်းနားစုကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်းရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက်ရှိသည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့်  ၎င်းကိုအားထားစိုက်ပျိုးကြပါသည်။  ပွင့်ဖြူဒေသထွက် ပိန်းဥသီးနှံမှာ ယခု၂၀၂၃ခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည့်အပြင် ယခင်နှစ်ထက် ဈေးကောင်းရလာသဖြင့် ပိန်းဥစိုက်တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်းသိရသည်။

   ပိန်းဥသည် ကျန်းမာရေးကိုများစွာအကျိုးပြုသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ပိန်းဥစားသုံးခြင်းဖြင့် အစာခြေဖျက်နိုင်အားပိုမိုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်နိုင်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုကိုလျော့ကျစေနိုင်ခြင်း၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကိုကောင်း မွန်စေခြင်း၊ အသားအရေကြည်လင်လှပစေခြင်း၊ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း၊ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း၊ သွေးတိုးကျစေခြင်း စသောအကျိုးကျေးဇူးများရရှိစေပါသည်။

  ပိန်းဥကို သားတက်(Sucker)မှလည်းကောင်း၊ ဥမွှာမှလည်းကောင်း၊ ပိန်းရိုး၏အရင်းမှလည်းကောင်း ထိပ်ဖျားမှ (၀.၅-၁)လက်မခန့်ဖြတ်၍ စိုက်ပျိုးနိုင်သည်။ သားတက်မှစိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရကြောင်း၊ မြေသားနက်၍ လေဝင်လေထွက်ကောင်းမွန်ပြီး ရေမဝပ်စေရန်လိုအပ်ကြောင်းသိရသည်။ ပိန်းဥကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးချိန်မှ (၆)လခန့်အကြာတွင် နှုတ်ယူရိတ်သိမ်းနိုင်ကြောင်းသိရှိရပါသည်။ ပွင့်ဖြူဒေသထွက်ပိန်းဥများကို မကွေး၊ မင်းဘူး၊ စကု၊ စလင်းနှင့် ချောက်မြို့များသို့တင်ပို့ရောင်းချပြီး ပေါ်ဦးပေါ်ဖျားအချိန်တွင် ပိန်းဥတစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိပြီး ပိန်းဥလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ ဈေးရရှိသောကြောင့် ပိန်းဥသီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)