Main menu

ပြည်ပဲဈေးကွက်မှာ နှစ်အလိုက်ဈေးနှုန်းများအရ မတ်ပဲသီးနှံဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်

Powered by Drupal

     ပြည်ပဲဈေးကွက်၌ ပဲဈေးနှုန်းအချို့မှာ  ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း မြင့်တက်လျက်ရှိရာ မတ်ပဲသီးနှံသည်လည်း အောက်တိုဘာလဆန်းရက်ထက် အောက်တိုဘာလလယ်မှာ ဈေးထပ်မံ မြင့်တက်လာခဲ့ပါသည်။ ဒါ့ကြောင့် လှောင်ပဲသမားအချို့ ရောင်းချမှုရှိခဲ့ကြသလို မျိုးပဲရာသီ အတွက်ရောင်းချရန် လက်ကျန်အချို့လည်း ချန်ထားကြသည်ဟု သိရပါသည်။ မျိုးပဲရာသီအချိန်တွင် ပဲဈေးနှုန်းမြင့်တက်ခဲ့သဖြင့် အချို့တောင်သူများကလည်း မိမိတို့စိုက်ပျိုးရန် မျိုးပဲများ ချန်ထား သူများရှိသလို တစ်ချို့တောင်သူများကလည်း ပဲဈေးတက်ချိန် လက်ကျန်မချန်ထားဘဲ အကုန်ထုတ် ရောင်းချကြပြီး မျိုးပဲချိန်မှသာ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရပါသည်။ မတ်ပဲသီးနှံ၏ နှစ်အလိုက် ဈေးနှုန်း အခြေအနေများအရ တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်လာခဲ့သည်ကို အောက်ပါ အတိုင်း လေ့လာသိရှိရပါသည်။

စဉ်                 ခုနှစ်                ဈေးနှုန်း

၁။                 ၂၀၂၀                ၄၀၀၀၀ ကျပ်

၂။                 ၂၀၂၁                ၅၆၀၀၀ ကျပ်

၃။                 ၂၀၂၂                ၆၁၀၀၀ ကျပ်

၄။                 ၂၀၂၃                ၈၆၀၀၀ ကျပ်

     မတ်ပဲသီးနှံသည် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကာလများတွင်ပဲဈေးကွက်မှာ အခြားပြည်ပဝယ်လိုအား သီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ စသည့် သီးနှံများထက် ဈေးပိုရရှိလာခဲ့ပြီး ၂၀၂၂ ခုနှစ်မှ စ၍ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများကလည်း ပြည်ပဝယ်လိုအား ဈေးကွက်အပေါ်မူတည်၍မတ်ပဲသီးနှံနှင့်အပြိုင် ဈေးမြင့်တက်လာခဲ့ကြပါသည်။ ၂၀၂၀ ခုနှစ်အတွင်း မတ်ပဲသီးနှံ၏ အောက်တိုဘာလ ပေါက်ဈေးနှုန်းမှာ တစ်တင်း ၄၀၀၀၀ ကျပ် ရရှိနေပြီး ကျန်ပဲများဖြစ်သည့် ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ တစ်တင်းဈေးနှုန်းအနေဖြင့် ကျပ် ၄၀၀၀၀ အောက်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်တွင်လည်း မတ်ပဲဈေး ဆက်လက် မြင့်တက်လာခဲ့တာကြောင့် တစ်တင်း ၅၆၀၀၀ ကျပ်ဈေးဖြင့်  ရောင်းဝယ်မှု ဖြစ်နေချိန် ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ ကျပ် ၅ သောင်း အောက်ဖြင့်သာ ရောင်းဝယ်ကြသည့် အတွက် အဆိုပါနှစ်မှာလည်း မတ်ပဲသီးနှံက ပဲဈေးကွက်မှာ  အခြားပဲများထက်ဈေး အမြင့်ဖြင့် ဆက်လက်ရောင်းဝယ်ခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်ပဝယ်လိုအားအပေါ်မူတည်၍ ကုလားပဲ နှင့် ပဲစင်းငုံသီးနှံများကလည်း ဈေးမြင့်တက်လာကာ ကျပ် ၆ ‌သောင်းအထက် ရရှိလာခဲ့ကြပါသည်။ ယခု  ၂၀၂၃ ခုနှစ်တွင် ပဲဈေးအားလုံးလိုလို ဈေးနှုန်းများ ယခင်နှစ်များကထက် သိသိသာသာ ဈေးနှုန်း မြင့်တက်ခဲ့သည့်အတွက် မတ်ပဲသီးနှံသည်လည်း ယခင်နှစ်ထက် ဆက်လက်မြင့်တက်ခဲ့လို့ တစ်တင်း ၈၆၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ မတ်ပဲသီးနှံသည် ယခင်နှစ်ဈေးများနှင့် ယှဉ်လျှင် နှစ်စဉ်ဈေးမြင့်တက်လာခဲ့သော်လည်း ယခုနှစ်မှာတော့ ပဲစင်းငုံ၊ ကုလားပဲသီးနှံများထက် ဈေးအနည်းငယ် လျော့နည်းလာခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)