Main menu

ပြည်သရက်ကင်းဈေးကွက်

Powered by Drupal

    ပြည်ဈေးကွက်အတွင်း သရက်ကင်းများ စက်တင်ဘာလက စတင်ဝင်ရောက်ခဲ့ပြီး ယခုအောက်တိုဘာလတွင် ပြည်မြို့ပေါ်ဈေးများတွင် လှိုင်လှိုင်ဝင်ရောက်မှုရှိပါကြောင်း သိရပါသည်။ သရက်ကင်းကို ပြည်မြို့ပေါ် အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ မြို့သစ်၊ ကင်းပွန်းခြုံ၊ ဇီးအုပ်၊ နတ်တလင်းစသည့် ကျေးရွာရပ်ကွက်များနှင့် ပြည်မြို့၊ အနောက်ဘက်ကမ်းရှိ ရွှေဘုံသာ၊ စစ်တဝင်း၊ ညောင်ပင်သာ၊ သစ်စိမ့်ပင်စသည့်ကျေးရွာများတွင် တပိုင်တနိုင် စိုက်ပျိုးလျက် ပြည်မြို့ပေါ် ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ သရက်ကင်းကို သရက်ကင်း အချဉ်အဖြစ် အများဆုံးစားသုံးကြပြီး ချဉ်ဖတ်ရောင်းသော ဆိုင်များမှ အများဆုံးဝယ်လိုအားရှိကြောင်း သိရပါသည်။ သရက်ကင်းကို ချဉ်ဖတ်အပြင်း သံပုရာရည် ညှစ်ဆမ်းကာ စားသုံးကြသလို ရိုးရိုးတို့စရာအဖြစ်လည်း စားသုံးကြပြီး အချို့ဒေသများတွင် ပါးပါးလှီးကာ ငါးကင်၊ ပုစွန်ဆိတ်တို့ဖြင့် သုပ်စားလေ့ရှိကြောင်းလည်း သိရပါသည်။ သရက်ကင်းသည် အေးခါးဖန်အရသာရှိပြီး စားသုံးလိုက်လျှင် အနည်းငယ်စပ်ရှားရှားရှိပါသည်။ သရက်ကင်းကို စားသုံးခြင်းဖြင့် ဝမ်းမီးတောက်ကာ အစာကြေစေပြီး ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ သလိပ်ကပ်ရောဂါများကို ပျောက်ကင်းစေကြောင်း သိရပါသည်။ ဈေးနှုန်းမှာ ပေါ်ကာစတွင် (၁၀)ကျပ်သားကို ကျပ် (၈၀၀)မှ (၇၀၀)ခန့်အထိရှိခဲ့ပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် (၁၀)သားကို ကျပ် (၅၀၀) မှ(၄၀၀)ခန့်သာရှိတော့ကြောင်း သိရပါသည်။

DOCA(ပဲခူး)