Main menu

ဒစ်ဂျစ်တယ်ခေတ်မှာ ဈေးကွက်ဝင်လာတဲ့ ဟင်္သာတမုန့်ဟင်းခါးအနှစ်

Powered by Drupal

          မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ပြီး၊ မြန်မာလူမျိုးအများစု ကြိုက်နှစ် သက်တဲ့ အစားအစာတစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါးချက်ရာတွင်လည်း ဒေသအလိုက်ကြိုက်နှစ်သက်မှုအပေါ်မူတည်၍ ဟင်းရည်ချက်ပြုတ် နည်းစနစ် အနည်းငယ်ကွာခြားပါသည်။ ဟင်းရည် ချက် ရာတွင် အဓိက အသုံးပြုရသော ငါးကိုမူတည်၍ ငါးပေါသောဒေသများဖြစ်သည့် ဧရာဝတီတိုင်း အတွင်းရှိ မြို့အမည်များကို စွဲ၍ခေါ်တွင်သော  ဟင်္သာတမုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါးတို့မှာ နာမည်ကြီးလူကြိုက် များလှပါသည်။ 

          ဟင်္သာတမြို့သည် လူဦးရေ တစ်သိန်းလေးသောင်းကျော် နေထိုင်သောမြို့ဖြစ်ပြီး ၊ ကျေးရွာ အုပ်စု ၁၀၃ အုပ်စု၊ ရပ်ကွက် ၂၁ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားကာ၊ ဧရာဝတီမြစ်၏ အနောက်ဘက် ကမ်းတွင် တည်ရှိသောမြို့ဖြစ်ပါသည်။ ရပ်ကွက်အလိုက် အသံမစဲ မဟာပဌာန်းပွဲများ မပြတ်သော မြို့ဖြစ်ပြီး ၊ ဝါတွင်း(မိုးသံဃဒါန)/ဝါပ(နွေသံဃဒါန) ဆွမ်းလောင်းအသင်းများဖွဲ့စည်း၍ မြို့ပေါ်ရှိ ကျောင်းပေါင်း တစ်ရာကျော်မှ စာချ၊ စာသင်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ် လှူဒါန်းလာ သည်မှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီဖြစ်ပါသည်။ မိုး/နွေ ဆွမ်းလောင်းအသင်းများ၏ ဆွမ်းသိမ်းပွဲ များတွင် ချက်ပြုတ်ကျွေးမွေးရာတွင် မုန့်ဟင်းခါးနှင့် မင်္ဂလာဆိုင်းမှာမပါမဖြစ်သော အဓိကစားစရာ နှင့် ဖျော်ဖြေရေးလည်းဖြစ်ပါသည်။

          ရပ်ကွက်သားချင်းတွေ့ရင် “ဟေ့ ဒီနေ့အင်္ဂါပတ်ဆွမ်းလောင်း၊ ဆိုင်းလည်းကောင်း၊မုန့်ဟင်း ခါးလည်းကောင်း၊ ညကျရင်ဆိုင်းသွားနားထောင်မယ်ဟေ့” လို့တစ်ယောက်နှင့် တစ်ယောက် နှုတ် ဆက်လေ့ရှိကြပါသည်။ ဆွမ်းပတ်အလိုက် သံဃာတော်များကို အာရုဏ် ဆွမ်းလောင်း လှူပြီးပါက ကြွရောက်လာတဲ့ ဧည့်သည်များကိုမုန့်ဟင်းခါးဖြင့် ဧည့်ခံပါသည်။ မုန့်ဟင်းရည် ချက်ရာမှာ လည်း ဆွမ်းပတ်အလိုက် ငါးနှင့်ပဲပါဝင်မှု အချိုးအစားပေါ်မူတည်ပြီး ဟင်းရည်ချက် နည်းမှာလည်း ကွာခြားပါသည်။ ဆွမ်းပတ်များအပြိုင်အဆိုင် မုန့်ဟင်းခါးချက်ပြုတ်လှူဒါန်းရာမှ ဟင်္သာတမုန့်ဟင်း ခါးရယ်လို့နာမည်ကြီးလာပြီး၊ မုန့်ဟင်းခါးမှာ အလှူပွဲများတွင် မပါမဖြစ် စားစရာ ဖြစ်တဲ့အပြင်၊ အိမ်များနှင့် ဈေးများတွင် တနိုင်တပိုင်ရောင်းချသော မုန့်ဟင်းခါးမှာလည်း မနက် သွားရည်စာအဖြစ် စားသုံးသူ များလှပါသည်။ ယခု ကိုဗစ်-၁၉ ကာလ စည်းကမ်းချက်များကြောင့် မင်္ဂလာဆိုင်းမှာ ဖျော်ဖြေဧည့်ခံခြင်းမရှိတော့သော်လည်း မုန့်ဟင်းခါးမှာတော့ မပါမဖြစ်ဧည့်ခံစားစရာ တစ်ခုဖြစ် လျက်ရှိပါသည်။

          ယခုအခါ ဟင်္သာတမုန့်ဟင်းခါးမှာ အိမ်ဆိုင်၊ ဈေးဆိုင်များမှ တဆင့် Super Market ပေါ်ထိ ရောက်ရှိလာပါပြီ။ ဆိုင်များတွင် ပြင်ဆင်ရောင်းချသော အဆင့်မှ အသင့်စားသုံးနိုင်သော Ready Made မုန့်ဟင်းရည် အနှစ်ထုပ်များ ပြုလုပ်ရောင်းချလာကြပါသည်။ ဟင်္သာတမြို့မှ ထုတ်လုပ်သော မြင့် မုန့်ဟင်းခါးအနှစ်ထုပ်၊ သီရိမေ မုန့်ဟင်းခါးအနှစ်ထုပ်၊ ငွေနန်းထိုက် မုန့်ဟင်းခါးအနှစ်ထုပ်များသည် စားသုံးသူများကြိုက်နှစ်သက်သော အသင့်စား မုန့်ဟင်းခါးအနှစ်ထုပ်များဖြစ်ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ အာဆီယံ-ဟောင်ကောင် China Free Trade Aggrement Work Program တွင် ဝင်ရောက်ပြိုင်ပွဲဝင်သော ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ နတ်မော်လမ်း၊ အိမ်အမှတ် (၁၀)ရှိ သီရီမေစားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သော သီရိမေမုန့်ဟင်းခါး အနှစ်ထုပ်လုပ်ငန်းခွင်သို့ (22.12.2021)နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။ သီရိမေစားသောက်ကုန်လုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မုန့်ဟင်းခါးအနှစ်ထုပ်၊ အုန်းနို့်ခေါက်ဆွဲအနှစ်ထုပ်တို့ကို ထုတ်လုပ်ဖြန့်ချီလျက်ရှိပါသည်။ အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး Digital Marketing အရ ရောင်းအားကောင်းတဲ့ထုတ်ကုန်လည်းဖြစ်ပါသည်။ ပြည်တွင်းထုတ်ကုန်ကြမ်းများဖြစ်တဲ့ ကြက်သွန်အဖြူ၊ အနီ၊ ဂျင်း၊ စပါးလင်၊ ငရုတ်ကောင်း၊ ငါး၊ ငံပြာရည်၊ ကုလားပဲခွဲခြမ်း၊ ဆန်မှုန့်၊ အရောင်တင်မှုန့်၊ ပဲဆီသန့်၊ ဆားတို့ကိုအသုံးပြု၍ သတ်မှတ်အချိုးအစားအတိုင်း ရောစပ်၍ သဘာဝနည်းစဉ်များအတိုင်း ကျန်းမာရေးနှင့်အညီ မုန့်ဟင်းခါးအနှစ်ကို ထုတ်လုပ်ထားကြောင်း သိရှိရပါ သည်။

          ကုန်ကြမ်းများကို အနှစ်ထုပ်ရရန် အချိုးအစားမှာလည်း အလှူပွဲများတွင် ချက်လုပ်သော ဟင်္သာတမုန့်ဟင်းခါး ချက်နည်းအတိုင်းပြုလုပ်ပြီး၊ ဟင်းအနှစ်ရအောင်ပြုလုပ်ကာ လှပသေသပ် သော ထုပ်ပိုးမှုများနှင့် ဈေးကွက်တင်ရောင်းချခြင်းဖြစ်ပါသည်။ သီရိမေ မုန့်ဟင်းခါးအနှစ်ထုပ်အနေ ဖြင့် ပုံမှန်(ပတ်ဝန်းကျင်) အပူချိန်တွင် ၃ရက်ခန့်အထားခံပြီး၊ အနှုတ် ၄’ C တွင်ထားသို သိမ်းဆည်း ပါက တစ်လခန့်  အထားခံသည်ကိုလည်းလေ့လာသိရှိရပါသည်။ မုန့်ဟင်းခါးအနှစ်ထုတ်တထုပ် အလေးချိန် (၅၀၀) ဂရမ်ရှိပြီး၊ ရေနွေးတစ်လီတာခန့်နှင့် ချက်ပါက မုန့်ဖတ် ငါးဆယ်သားဖြင့် စားသုံးနိုင်သော မုန့်ဟင်းရည်အနှစ်ထုတ်များကို ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိပါသည်။ လုပ်သား (၅) ဦးနှင့်ထုတ်လုပ်လျက်ရှိပြီး သန့်ရှင်းမှုကို ဦးစားပေးထုတ်လုပ်နေသည်ကိုလည်း တွေ့ရှိ ရပြီး၊ လုပ်ငန်းအနေဖြင့် စည်ပင်လိုင်စင်ရရှိထားပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းလိုင်စင်  ၊ FDA ထောက်ခံချက်တို့ရရှိအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကိုလည်းသိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်မှူးမှလည်း အသင့်စား အစားအသောက်များတွင် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားများအား ထုပ်ပိုးမှုအပေါ်တွင် ရေးသားဖော်ပြနိုင် ရေးတို့ကို လမ်းညွှန်အကြံပြုဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်မှ လိုက်နာဆောင်ရွက်သွားမည့်အကြောင်း၊ ထုတ်ကုန်ကိုလည်း မုန့်ဟင်းခါးအနှစ်ထုပ်မှ မုန့်ဟင်းခါးအခြောက်မှုန့်ထိ တို့မြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည့် အကြောင်းကိုလည်းရှင်းလင်းပြောကြားပါသည်။

          မုန့်ဟင်းခါးသည် လူမျိုးဘာသာမရွေးစားသုံးပြီး မုန့်ဖတ်အဖြစ် မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲ ဖတ်တို့ဖြင့် ကြိုက်နှစ်သက်ရာ စားသုံးနိုင်ပြီး၊ အိုးဘဲဥ၊ ပဲကြော်၊ ဗူးသီးကြော်၊ ငါးဖယ်ကြော်တို့ကို ထည့်လျှက် စားသုံးနိုင်သောမြန်မာ့ရိုးရာ အစားအစာတစ်ခုလည်းဖြစ်ပါသည်။ မုန့်ဟင်းခါးနှင့် ခေါက်ဆွဲဖတ်တို့ကို ခေါက်ဆွဲခြောက်(Fried Noodle) အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ပါက ပြည်ပထိ တင်ပို့ရောင်းချနိုင်သော ရိုးရာစားသောက်ကုန်လည်းဖြစ်ပါသည်။ ယခုအခါအလှူ မင်္ဂလာပွဲများတွင် နာမည်ကြီးသော ဟင်္သာတ မုန့်ဟင်းခါးသည် Street Market မှ Super Market သို့တက်လှမ်းလာပြီး မဝေးတော့သောကာလတွင် ပြည်ပတင်ပို့နိုင်သော ရိုးရာအစားအစာ ဒေသထုတ်ကုန်တစ်ခုဖြစ်လာတော့မှာအမှန်ပင်ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)