Main menu

စားသုံးသူကျန်းမာရေး နှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု

Powered by Drupal

        အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုသည်မှာ ကူးစက်ရောဂါကာကွယ်ရန်အစားအစာ များကို ကိုင်တွယ်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များတွင် စားသုံးသူ အတွက် အစားအစာ၏ အာဟာရဓာတ်အလုံအလောက်ကို ထိန်းထားနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အစားအစာကိုဆိုလိုကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ အစည်း (FAO) ၏ စာတမ်းတွင် ဖော်ပြထားပါသည်။

           အရည်အသွေးစီမံခန့်ခွဲမှုစနစ်သည် အရည်အသွေးဆိုင်ရာမူဝါဒများနှင့် ရည်မှန်းချက်များ အောင်မြင်ရန်အတွက် လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်တာဝန်များကို မှတ်တမ်းတင်သည့် တရားဝင် သတ်မှတ်ထားသောစနစ်တစ်ခုဖြစ်ပြီး အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အလွန်အရေးပါသော စနစ်တစ်ခုဖြစ်ပါသည်။

          အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုနှင့်ဆက်စပ်၍ အစာအဆိပ်သင့်ခြင်းကို လေ့လာရာတွင် သန့်ရှင်းမှုမရှိဘဲ အစားအစာပြင်ဆင်ခြင်း၊ ကာလကြာရှည်စွာ ထိန်းသိမ်းထားသော၊ သက်တမ်းကုန်ဆုံး နေသော၊ လတ်ဆတ်မှုမရှိသည့် အစားအစာများကို စားသုံးမိပါက ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်းစသည့် လက္ခဏာများ ခံစားရပြီး ပြင်းထန်ပါက အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ထိုသို့ ဖြစ်ရပ်များသည် အစာအဆိပ်သင့်ခြင်းဖြစ်ပြီး အစားအစာဘေးအန္တရာယ် ကင်းရှင်းမှု မရှိခြင်းကြောင့် ဖြစ်ပေါ်ရသည့် ဆိုးကျိုးများပင်ဖြစ်ပါသည်။  

          အစာအဆိပ်သင့်ခြင်းမှာ အစားအသောက်တွင် အဆိပ်အတောက်ဖြစ်စေသည့် ညစ်ညမ်းနေ သော အစားအစာများ (Food contamination) ကို စားသောက်မိ၍လည်းကောင်း၊ အစားအသောက် များတွင် အစားအစာဓာတ်မတည့်မှုများ (Food Allergies) တုံ့ပြန်မှုများကြောင့်လည်းကောင်း အစာ အဆိပ်သင့်ခြင်း ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရပါသည်။

          အစားအသောက်တွင် အဆိပ်အတောက်ဖြစ်စေခြင်းမှာ ဇီဝအန္တရာယ်ဆိုင်ရာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စသည့် ပိုးမွှားများကြောင့်လည်းကောင်း၊ ဓာတုအန္တရာယ်ဆိုင်ရာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပဋိဇီဝဆေးဝါး၊ ဖြည့်စွက်ပစ္စည်းစသည့် ဓာတုပစ္စည်းများကြောင့်လည်းကောင်း၊ ရူပအန္တရာယ်ဆိုင်ရာ ပြင်ပပစ္စည်းများဖြစ်သော ဖုန်၊ သဲ၊ မှန်စ စသည့် စားစရာ မဟုတ်သည့် ပြင်ပပစ္စည်းများ ပါဝင် ရောနှောနေခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ရူပအန္တရာယ်ဆိုင်ရာ ညစ်ညမ်းမှုနှင့် ဆက်နွယ်သည့် ထပ်လောင်းအန္တရာယ်မှာ ပြင်ပပစ္စည်းများသည် ဇီဝညစ်ညမ်းမှုကို သယ်ဆောင်လာနိုင်သဖြင့် အစရှိ သည့် Hazard များကြောင့် အစားအသောက်များညစ်ညမ်းစေပြီး ညစ်ညမ်းနေသော အစားအစာများ (Food contamination) ကို စားသုံးမိပါက  အစာအဆိပ်သင့်မှု ဖြစ်ပွားစေပါသည်။

          စားသောက်ကုန်များအား အထက်ဖော်ပြပါ အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်အတောက်များမှ ရှောင်ရှားနိုင်ရန် အကြမ်းဖျဉ်းအားဖြင့် လယ်ယာထွက်ကုန်များကို စိုက်ပျိုးသည့်နေရာမှစ၍ စားပွဲပေါ် ရောက်သည်အထိ Supply Chain တစ်လျှောက် လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်သော ကောင်းမွန်စွာစိုက်ပျိုးခြင်းနည်းလမ်း၊ ကောင်းမွန်စွာ ထိန်းသိမ်းကိုင်တွယ်ခြင်းနည်းလမ်း၊ ကောင်းမွန် သန့်ရှင်းစင်ကြယ်စွာပြင်ဆင်ခြင်းနည်းလမ်း၊ ကောင်းမွန်စွာထုတ်လုပ်ခြင်းနည်းလမ်းများ ဖြင့် ထုတ်လုပ်ပြီး ထုတ်ကုန်များသိုလှောင်မှုအဆင့်ဆင့်တွင် စားသုံးသူလက်ဝယ် ရောက်ရှိမည့်အချိန် ထိသို လှောင်ရမည့် အကောင်းဆုံးအပူချိန်တွင်ထိန်းသိမ်းထားနိုင်ပါက ထုတ်ကုန်ကောင်းတစ်ခုဖြစ်လာ မည်ဖြစ်ပြီး ကောင်းမွန်သောအရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များကို စားသုံးသူများထံ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။    

          စနစ်တကျထုတ်လုပ်ထားပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်များကို စားသုံးသူများမှရွေးချယ်ဝယ်ယူ စားသုံးနိုင်ရေးနှင့် အစာအဆိပ်သင့်မှုမှ ကင်းဝေးနိုင်စေရေးတို့အတွက် စားသုံးသူများအားအသိပညာပေးခြင်း၊ လှုံ့ဆော်ပေးခြင်းတို့ဖြင့် စားသုံးသူပြည်သူ များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသောအစားအစာများကို ရွေးချယ်ဝယ်ယူသည့် အလေ့အထကောင်းများ ကျင့်သုံးလာနိုင်မည်ဖြစ်ပါသည်။

စားသုံးသူပြည်သူများမှ ကောင်းမွန်သောနည်းလမ်းများဖြင့်ထုတ်လုပ်ထားသော ထုတ်ကုန်များ ကို ရွေးချယ်ဝယ်ယူလာခြင်းဖြင့် ရောင်းလိုအားနှင့်ဝယ်လိုအားကိုကြည့်၍ ထုတ်လုပ်သူများမှ ထုတ်ကုန်များကို ကြုံသလို  ထုတ်လုပ်တတ်သည့်အလေ့အထမှ နောင်တွင် စနစ်တကျ ကောင်းမွန် သောနည်းလမ်းများဖြင့် ထုတ်လုပ်လာစေပြီး အစားအစာထုတ်လုပ်သူများအနေဖြင့် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဦးစားပေးဆောင်ရွက်တတ် သည့် Business Ethics ရှိသော စီးပွား‌ရေး လုပ်ငန်းရှင်များအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ပါသည်။

          အစားအစာဓာတ်မတည့်မှုများ(Food Allergies) သည် အစားအသောက်တွင်ပါဝင်သော ပရိုတင်းများကို ခန္ဓာကိုယ်တွင်းရှိ အင်မျူ့ စနစ်၏ ခုခံအားမှ တုန့်ပြန်မှုကြောင့် ဓာတုပစ္စည်းများ ထွက်လာပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည်။ အချို့အပင်နှင့် သတ္တဝါများတွင် (ဥပမာ - မြေပဲ၊ ပဲပုပ်၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဂျုံ၊ ပင်လယ်စာများ စသည်တို့တွင် သဘာဝအဆိပ်အတောက်ပစ္စည်းများ ပါဝင်ပြီး ၎င်းတို့ကိုစားသုံးမိပါက အစာအဆိပ်သင့်စေပါသည်။ သို့သော်လည်း ဓာတ်မတည့်မှု လက္ခဏာသည် အချို့လူများတွင် ဖြစ်ပွားလေ့ရှိပြီး တချို့တွင် ဖြစ်ပေါ်လေ့မရှိပါ။ ဤကဲ့သို့ အစားအစာ ဓာတ်မတည့်မှုများ (Food Allergies)  ပါဝင်သော စားသောက်ကုန်များကို ထုတ်လုပ်ရာတွင် ထုတ်ကုန်နှင့်ပတ်သက်၍ ဓာတ်မတည့်ကြောင်း  ဖော်ပြချက်ကို အသိပေးဖော်ပြခြင်းဖြင့် စားသုံးသူများ မှ ရွေးချယ်ဝယ်ယူခွင့်ရှိသောကြောင့် ဓာတ်မတည့်သူများသည် အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးမည် ဖြစ်ပါသည်။

          “အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့် မြန်မာစကားပုံအတိုင်း သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးသူမိဘပြည်သူ တစ်ဦးတစ်ယောက်စီက ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါသည်။   

CTQM